အဓိကကာကွယ်ရေး မိတ်ဖက်နိုင်ငံများအဖြစ် ထူထောင်ကြရန် အမေရိကန်နှင့် ယူအေအီးတို့ သဘောတူ

News Image

  • အဓိကကာကွယ်ရေး မိတ်ဖက်နိုင်ငံများအဖြစ် ထူထောင်ကြရန် အမေရိကန်နှင့် ယူအေအီးတို့ သဘောတူ

အမေရိကန်နှင့် ယူအေအီးနိုင်ငံတို့သည် အဓိကကာကွယ်ရေး မိတ်ဖက်နိုင်ငံများအဖြစ် ထူထောင်ကြရန် သဘောတူညီခဲ့ကြသည်ဟု အမေရိကန် နှင့် ယူအေအီးအစိုးရတို့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်တွင် ယူအေအီးကို အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်လက်ထက်တွင် ယခုကဲ့သို့ ထပ်မံသဘောတူညီခဲ့ခြင်းလည်းဖြစ်ပါသည်။ ထို့အပြင် အဆိုပါသဘောတူညီချက်ကို ယူအေအီး ကာကွယ်ရေးဝန်ကြီး Mohammed Mubarak Al Mazrouei နှင့် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်တို့က လွန်ခဲ့သည့်သီတင်းပတ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ပူးတွဲထုတ်ပြန်ချက်၌ “အဆိုပါသဘောတူညီချက်သည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပူးတွဲစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံကြား ရေရှည်ကာကွယ်ရေးချိန်ညှိမှုကို လမ်းညွှန်ပေးမည့် လမ်းပြမြေပုံကို ဖော်ဆောင်ရန် ကတိကဝတ်များကို ကိုယ်စားပြုပြီး အမေရိကန် နှင့် ယူအေအီးနိုင်ငံတို့သည် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ အဆင်သင့်ဖြစ်မှု၊ အပြန်အလှန်လုပ်ဆောင်နိုင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် မူဘောင်တစ်ခုကို ရှာဖွေသွားမည်” ဟု ရေးသားဖော်ပြထားပါသည်။ အမေရိကန်အစိုးရသည် ယူအေအီးနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းချမှု အများအပြား လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့သဘောတူညီချက်များ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ကိုးကား- NP News