ထရမ့်က လေကြောင်းရန်ကာကွယ်ရေးစနစ် Golden Dome အကောင်အထည်ဖော်မည်ဟု ကတိပြု

News Image

  • ထရမ့်က လေကြောင်းရန်ကာကွယ်ရေးစနစ် Golden Dome အကောင်အထည်ဖော်မည်ဟု ကတိပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Golden Dome အမည်ရှိ ကမ္ဘာ့မည်သည့်နေရာမှပစ်လွှတ်သည့် ဒုံးပျံများကိုမဆို ချေမှုန်းနိုင်မည့် အာကာသပေါင်းစပ် ကာကွယ်ရေးစနစ်သစ်ကို တရားဝင်ကြေညာခဲ့သည်။

ထရမ့်က ခန့်မှန်းကုန်ကျမှု အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံရှိမည့် နောက်ဆုံးပေါ်ကာကွယ်ရေးစနစ်သည် အမေရိကန်ကာကွယ်ရေးကဏ္ဍတွင် သမိုင်းဝင်ထိုးဖောက်ဆောင်ရွက်မှု အဆင့်မြင့်စီမံကိန်းတစ်ခု ဖြစ်ကြောင်း Oval office တွင် အင်္ဂါနေ့ (မေ ၂၀) က ရှင်းပြခဲ့သည်။

Golden Dome ဒီဇိုင်းသည် လက်ရှိကာကွယ်ရေးစွမ်းရည်များနှင့် ပေါင်းစပ်မည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်း မကုန်ဆုံးမီ အပြည့်အဝ လည်ပတ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြီးစီးပါက ကမ္ဘာ့တစ်ဖက်စွန်းမှ (သို့မဟုတ်) အာကာသမှပစ်လွှတ်သည့် ဒုံးပျံများကိုပါ ချေမှုန်းနိုင်မည် ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ဤဒုံးပျံကာကွယ်ရေးစနစ်တွင် လက်ရှိစနစ်များနှင့် မြေပြင်၊ရေကြောင်းနှင့် အာကာသအနှံ့ ဖြန့်ကြက်ထားမည့် နောက်ဆုံးမျိုးဆက် နည်းပညာများဖြစ်သည့် ဂြိုဟ်တုအာရုံခံစနစ်များ၊ ကြားဖြတ်ချေမှုန်းရေးစနစ်များ ပေါင်းစပ်ပါဝင်မည်ဟု ထရမ့်က ဆိုသည်။

မော်စကိုက အဆိုပါစီမံကိန်းကို အာကာသအတွင်း လက်နက်များ တပ်ဆင်ခြင်းဖြင့် မတည်မငြိမ်ဖြစ်စေမည့် အစီအမံအဖြစ် ယခင်က ဝေဖန်ခဲ့ဖူးသည်။

ထရမ့်က Golden Dome စနစ်၏ လုပ်ဆောင်ပုံနည်းပညာ အသေးစိတ် ကို မဖော်ပြဘဲ “ယခုလိုနည်းပညာမျိုး အမေရိကမှာပဲရှိပါသည်၊ တခြား မည်သည့်နိုင်ငံမှာမှ ယခုလောက်မြင့်မားသည့်စနစ်မရှိပါ” ဟု ဂုဏ်ယူ ဝင့်ကြွားစွာ ပြောကြားခဲ့သည်။

အမေရိကန် Space Force ၏ အာကာသစစ်ဆင်ရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Michael Guetlein က အဆိုပါစီမံကိန်းကို “မန်ဟက်တန် ပရောဂျက် (နျူကလီယားဗုံးဖန်တီးခဲ့သည့် သမိုင်းဝင်စီမံကိန်း) အဆင့်အတန်း ရှိသည့် ကြိုးပမ်းမှု” အဖြစ် ဖော်ပြခဲ့ဖူးသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂