အမေရိကန်၏ ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမည်
အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင် လာနိုင်ဖွယ်နှင့် ကုန်သွယ်စည်းကြပ်ခွန်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးရန် စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိသည်။
ကမ္ဘာ့စက်မှုထိပ်သီး (၇) နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ကနေဒါနိုင်ငံ၊ Banff မြို့တွင် မေလ (၂၁) ရက်မှစ၍ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။
ယခုနှစ်တွင်စတင်ကျင့်သုံးခဲ့သည့် ထရမ့်အစိုးရ၏ ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကိစ္စသည် တွေ့ဆုံဆွေးနွေးမှုတွင် ဦးစားပေးဆွေးနွေးသွားမည့်အချက်ဖြစ်ပြီး အဆိုပါစည်းကြပ်ခွန်သည် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုအခြေအနေများနှင့် ကမ္ဘာ့နိုင်ငံအလိုက် တုံ့ပြန်မှုအခြေအနေများအပေါ် လေ့လာ ဆန်းစစ်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အစည်းအဝေးအစီအစဉ်တွင် ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်လည်း ပါဝင်သကဲ့သို့ တရုတ်နိုင်ငံ၏ လျှပ်စစ်ကား တင်ပို့မှု လျှင်မြန်စွာ တိုးတက်လာခြင်းကိစ္စလည်း ပါဝင်ပေသည်။
လက်ရှိကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကနေဒါနိုင်ငံအနေဖြင့် ယခုကျင်းပသည့် အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးနှင့် ကုန်သွယ်ခွန်လွတ်လပ်ခွင့်တို့ကို ထပ်လောင်းအတည်ပြုနိုင်ရေးတို့မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်း NHK သတင်းစာ မျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ၊ ဦးထက်ထက်အောင်၊ နစက-၄