အစ္စရေးစစ်တပ်မှ နိုင်ငံခြားသံတမန်များကို “သတိပေးပစ်ခတ်မှု” ပြုလုပ်ခဲ့
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဗုဒ္ဓဟူးနေ့ (မေ ၂၁) က ဂါဇာ အနောက်ဘက်ခြမ်း (ဝက်စ်ဘဂ်) ရှိ ဂျနင်းဒုက္ခသည်စခန်းသို့ လာရောက် လည်ပတ်နေသည့် နိုင်ငံခြားသံတမန်အဖွဲ့အနီးတွင် ပစ်ခတ်မှုပြုခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များနှင့် သတင်းထောက်များ ထိတ်လန့် တုန်လှုပ်စွာ ထွက်ပြေးနေကြသည့် မြင်ကွင်းကို ဖြစ်စဉ်နေရာမှ ဗီဒီယို မှတ်တမ်းများတွင် မြင်တွေ့ရသည်။
ပါလက်စတိုင်းအာဏာပိုင်များက စီစဉ်ပေးထားသည့် ခရီးစဉ်တွင် ယူကေ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ တရုတ်၊ ဂျပန်၊ မက္ကဆီကို၊ အီဂျစ်စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။ ဒဏ်ရာရသူ မရှိသော်လည်း ဗီဒီယိုတွင် သံတမန်များ ပစ်ခတ်သံကြားသည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေကြပုံကို တွေ့ရသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က သံတမန်အဖွဲ့သည် ကြိုတင် အတည်ပြုထားသည့် လမ်းကြောင်းမှ သွေဖည်ကာ “တိုက်ပွဲဖြစ်ပွားနိုင်သော ဧရိယာ” သို့ ဝင်ရောက်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
IDF က “ကနဦးစုံစမ်းစစ်ဆေးမှုအရ သံတမန်အဖွဲ့သည် အတည်ပြုထားသော လမ်းကြောင်းမှ သွေဖည်ကာ ဝင်ရောက်ခွင့်မရှိသည့်နေရာသို့ ရောက်ရှိ လာခဲ့ပါသည်။ ထိုနေရာတွင် တာဝန်ထမ်းဆောင်နေသော IDF တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ဝေးရာသို့ဆုတ်ခွာစေရန် သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပါသည်” ဟု ပြောဆိုခဲ့ပြီး “ထိတ်လန့်တုန်လှုပ်ခဲ့စေမှုအတွက် တောင်းပန် ပါသည်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်များ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ပစ်ခတ်မှုကို နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး၊ ဂါဇာနှင့်အနောက်ဘက်ခြမ်း (ဝက်စ်ဘဂ်) တွင် အစ္စရေး၏ စစ်ဆင်ရေး များအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ တိုးပွားလာနေချိန်တွင် လူသားချင်း စာနာမှုအခြေအနေများကို အကဲဖြတ်ရန် တရားဝင်အဖွဲ့အစည်းတစ်ခု အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဖြစ်ရပ်သည် “သံတမန်ရေးရာ စံနှုန်းများအားလုံးကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မိမိတို့၏သံတမန်များအား သတိပေးပစ်ခတ်မှုကို “ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း” ထုတ်ဖော် ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂