တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ဆောင်ရွက်မည်
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ တာလီဘန် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တို့နှင့် မေလ ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်တွင် တည်ဆောက်ဆဲဖြစ်သော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရန် သဘောတူခဲ့ကြသည်။
အဆိုပါနိုင်ငံ (၃) နိုင်ငံအနေဖြင့် တရုတ်၏ "Belt and Road Initiative" ၏တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ China-Pakistan Economic Corridor (CPEC) ကို အာဖဂန်နစ္စတန်နိုင်ငံအထိ တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံများနှင့် အခြားပြဿနာများကြောင့် ပါကစ္စတန်- အာဖဂန်နစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံရှိ သံတမန်များအား အမြန်ဆုံး လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။
အနာဂတ်တွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် နိုင်ငံရေးသာမက စီးပွားရေးတွင်ပါ မိတ်ဖက် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တည်ဆောက်လိုကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရရှိခဲ့ပြီးနောက် မည်သည့် နိုင်ငံကမျှ တာလီဘန်အစိုးရကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီးတစ်ဦးကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ကို ၎င်း၏ Belt and Road Initiative ပရောဂျက်တွင် ပါဝင်စေရန်နှင့် ဒေသတွင်း၌ ၎င်း၏ဩဇာ လွှမ်းမိုးမှု ပိုမိုခိုင်မာစေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူဆ ရသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃