အမေရိကန်ကသာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ဆို

News Image

  • အမေရိကန်ကသာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ဆို

ကုလသမဂ္ဂ၊ မေ ၂၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က မေ ၂၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပင်လယ်ပြင်လုံခြုံရေး အရေးကိစ္စ တံခါးဖွင့်အစည်းအဝေး၌ အမှာစကားပြောကြားတွင် အမေရိကန်က တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ ပြစ်တင်မှုအား ချေပခဲ့ပြီး အမေရိကန်သည်သာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီသည် တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် သင့်တော်သည့်နေရာမဟုတ်ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။ အမေရိကန် ကိုယ်စားလှယ်က အမှာစကားပြောကြားရာ၌ တောင်တရုတ် ပင်လယ်အရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောဆိုသွားခဲ့ပြီး ယင်းအပေါ် တရုတ်ဘက်က ပြတ်သားစွာ ကန့်ကွက်ပါကြောင်း၊ အ‌မေရိကန်သည် လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာရေးဟူသည့် ခေါင်းစဉ်ဖြင့် စစ်ဘက်သုံးသင်္ဘောနှင့် လေယာဉ်များ တောင်တရုတ်ပင်လယ်သို့ မကြာခဏ စေလွှတ်ကာ စစ်ရေး အင်အားပြပြီး ဒေသတွင်းနိုင်ငံများအကြား သွေးခွဲလှုံ့ဆော်မှုများ ပေါ်ပေါ်တင်တင်လုပ်ဆောင်ခဲ့ကြောင်း၊ အမေရိကန်သည်သာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံများနှင့်အတူ သမိုင်းဖြစ်ရပ်မှန်နှင့် နိုင်ငံတကာဥပဒေအား လေးစားသည့် အခြေခံပေါ်တွင် တွေ့ဆုံဆွေးနွေးမှုဖြင့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သော သဘောထားကွဲလွဲမှုများအား ညှိနှိုင်းဖြေရှင်းသွားရန် ကြိုးပမ်း လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ သည်။
တောင်တရုတ်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှုဆိုသည်မှာ တရားမဝင်သည့်အပြင် အကျုံးဝင်မှုမရှိသဖြင့် တရုတ်ဘက်က လက်မခံသလို အသိအမှတ်ပြုမှုလည်းမရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများ၏ အတူတကွကြိုးပမ်းမှုဖြင့် လက်ရှိတောင်တရုတ်ပင်လယ် အခြေအနေတစ်ရပ်လုံးအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း၊ တရုတ်ဘက်က တောင်တရုတ် ပင်လယ်ကို ငြိမ်းချမ်းသော ပင်လယ်၊ ချစ်ကြည်ရင်းနှီးသောပင်လယ်၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် တည်ဆောက်သွားရန် ဆုံးဖြတ်ချက်ချထားသလို တည်ဆောက်နိုင်မည့်စွမ်းရည်လည်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်က အမှာစကားပြောကြာရာတွင် ထိုင်ဝမ်ရေလက်ကြား အရေးကိစ္စနှင့် စပ်လျဉ်းသည့် ပြောကြားချက်အတွက် အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းနှင့် ပတ်သက်သည့် ကတိကဝတ်အား လိုက်နာရန် ကိန်းစွမ်က တိုက်တွန်းခဲ့သည်။
အမေရိကန်ကိုယ်စားလှယ်၏ ပြောကြားချက်သည် အခြားနိုင်ငံ၏ ပြောကြားချက်များနှင့် မအပ်စပ်ဘဲ ကွဲပြား နေကြောင်း ကိန်းစွမ်က ၎င်းကိုသတိပေးခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောကြားချက် နှင့် အခြားကိုယ်စားလှယ်များ၏ ပြောကြားချက်သည် ပင်လယ်ပြင် ဘေးကင်း လုံခြုံမှုအား ကာကွယ် ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအား မည်ကဲ့သို့ဖော်ဆောင်ရမည်နည်း နှင့်စပ်လျဉ်း၍ ပြောကြားသွားခြင်းဖြစ်ကြောင်း၊ အမေရိကန်ကိုယ်စားလှယ်၏ ပြောကြားချက်ကမူ အခွင့်ကောင်းယူ၍ အခြား နိုင်ငံအပေါ် လိုသလိုတိုက်ခိုက်မှုနှင့် အမည်ဖျက်မှုဖြစ်ပြီး ထင်သလိုဖိနှိပ်ခြင်းဖြစ်ကြောင်း၊ အမေရိကန် ဘက်က နိုင်ငံအသီးသီးနှင့်အတူ ပင်လယ်ပြင် လုံခြုံမှုကာကွယ်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
ကိန်းစွမ်က အမှာစကားပြောကြားရာ၌ နိုင်ငံအသီးသီးအနေဖြင့် ပင်လယ်သမုဒ္ဒရာ အေးအတူပူအမျှ အသိုက်အဝန်း အယူအဆကို အရင်းခံ၍ တရားမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသော ပင်လယ်သမုဒ္ဒရာ စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းကာ ပင်လယ်ပြင် လုံခြုံရေးနှင့် တည်ငြိမ်ရေးအား အတူတကွ ကာကွယ်ထိန်းသိမ်းခြင်း ဖြင့် တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှုအား အတူလက်တွဲမြှင့်တင် သွားရန် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စီမံခန့်ခွဲမှု၏ တည်ဆောက်သူ၊ တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားပေးသူ၊ တစ်ကမ္ဘာလုံး ပင်လယ်သမုဒ္ဒရာ လုံခြုံမှုနှင့်တည်ငြိမ်မှု၏ ကာကွယ်ထိန်းသိမ်းသူအဖြစ် အစဉ်အမြဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ တည်ငြိမ်အေးချမ်းသော၊ ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပင်လယ်သမုဒ္ဒရာစည်းစနစ် တည်ဆောက်မှုအား တွန်းအားပေးရန်၊ ပင်လယ်သမုဒ္ဒရာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်း သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ

Photo: Eleven Media Group