ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
ဖျာပုံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ကကတစ်ငါး ပိဿာချိန် ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကကတစ်ငါး ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တစ်လထဲမှာ ကကတစ်ငါးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ တင်ပို့ရောင်းချမှုတက်ခဲ့တာပါ။ ကကတစ်ငါးက အကြမ်းခံတဲ့ငါး အမျိုးအစားထဲမှာ ပါပါတယ်။ ကကတစ်ငါးအပါအဝင် အခြားရေထွက်ကုန်တွေလဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသမှ ကကတစ်ငါးများအပါအဝင် ရေထွက်ကုန်များ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရခြင်းကြောင့် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ