ဗီယက်နမ်ကော်ဖီ တင်ပို့မှု ယခုနှစ် တိုးတက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်များထက် ၅၁% တိုးတက်ကာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ အထိ ရှိခဲ့ကြောင်း Vietnam News Agency မှ ဖော်ပြထားပါသည်။
ဗီယက်နမ်၏ ပြည်ပသို့တင်ပို့သည့် စိုက်ပျိုးထုတ်ကုန်များအနက် ကော်ဖီ သည် ထိပ်ဆုံးမှ အတိုးတက်ဆုံး ဖြစ်နေကြောင်း ယင်းသတင်းဌာနက ဆိုထားပါသည်။ ယခုနှစ်အတွင်း ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၇ သန်းမှ ၁.၈ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရပြီး ပို့ကုန်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိနိုင်မည်ဟု သိရပါသည်။
ဗီယက်နမ်၏ အဓိကတင်ပို့ကုန်များတွင် စပါး၊ ပင်လယ်စာ၊ ကော်ဖီ၊ သဘာဝရာဘာ၊ လက်ဖက်ရည်၊ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ပါဝင်သည်။ ဗီယက်နမ်သည် နှစ်ပေါင်း များစွာကတည်းက သီဟိုဠ်စေ့နှင့် ၎င်း၏ထုတ်ကုန်များတွင် ထိပ်တန်း ထုတ်လုပ်သူဖြစ်ပါသည်။ ငရုတ်ကောင်း တင်ပို့မှုတွင်လည်း ကမ္ဘာ့ ဦးဆောင် နိုင်ငံတစ်ခုဖြစ်ပါသည်။ ကော်ဖီတင်ပို့မှုတွင် ဘရာဇီး ပြီးလျှင် ဒုတိယ နေရာတွင်ရှိပြီး Robusta ကော်ဖီစေ့၏ အဓိကထုတ်လုပ်သူလည်း ဖြစ်ပါသည်။
ကိုးကား- Tass
Photo: Vietnam Law and Legal Forum
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃