အမေရိကန်အနေဖြင့် အခြားနိုင်ငံများအပေါ် စစ်ရေးခြိမ်းခြောက်မှုများ မလုပ်ရန် မြောက်ကိုရီးယား တိုက်တွန်း
အမေရိကန်အနေဖြင့် အခြားနိုင်ငံများ အပေါ် စစ်ရေးခြိမ်းခြောက်မှုများမလုပ် ရန်တိုက်တွန်းကြောင်း မြောက်ကိုရီးယား အစိုးရက မေလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
“အမေရိကန်နိုင်ငံအနေနဲ့ သူ့နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံချက်ဟာ အခြား နိုင်ငံများအပေါ် စစ်ရေးအရခြိမ်းခြောက်မှုများ လုပ်ဆောင်နေခြင်းကို စွန့်လွှတ်လို ခြင်းရှိ၊ မရှိဆိုတဲ့အခြေအနေအပေါ် မူတည်နေပါတယ်”ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ မူဝါဒရေးရာရုံးအကြီးအကဲက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ ခြိမ်းခြောက်မှုရှိသည် ဟုအကြောင်းပြကာ စစ်လက်နက်ပစ္စည်းများကို တိုးမြှင့်ဖြန့်ကြက်လာနေခြင်း ဖြစ်ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေး စွမ်းပကားတိုးမြှင့်နေခြင်းအပေါ် ရန်စမှု များ လုပ်ဆောင်နေကြောင်း အဆိုပါမူဝါဒရေးရာ ရုံး အကြီးအကဲကဆိုသည်။
အမေရိကန်စစ်ဘက်က မကြာသေးမီ က တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ချိန်တွင် ယင်းတို့၏ လုပ်ဆောင်ချက်က ကာကွယ်ရေးအရ ဖြစ်သည်ဟုဆိုထား ပြီး မြောက်ကိုရီးယားက အလားတူ လုပ်ဆောင်ချိန်တွင် ထိုလုပ်ဆောင်ချက်ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုလာခြင်းက ယုတ္တိမရှိသော အတွေးအခေါ်ဖြစ်ကြောင်း ထိုအကြီးအကဲက ဆက်ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နျူကလီးယား လက်နက် အင်အားတိုးချဲ့မှုမှ ထွက်ပေါ်လာသည့် လုံခြုံရေးအရ မတည်ငြိမ်မှုကို ဟန့်တားနိုင်ရေး အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ၎င်းက ပြောထားသည်။
Source: Myawady Web Portal