ကျောက်မဲတွင် TNLA တို့ကောက်နေသော အခွန်အခခေါင်းစဉ်များမှာ ရန်ကုန်ထက်ပင်များနေ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ရာဒေသများတွင် နေထိုင်သူ များသည် အခွန်အခများစွာပေးဆောင်ရခြင်းနှင့်ရင်ဆိုင်နေရပြီး ကျောက်မဲ မြို့တွင် ၎င်းတို့ကောက်နေသော အခွန်အခခေါင်းစဉ်များမှာ ရန်ကုန်မြို့ ထက်ပင်များနေကြောင်း ဒေသခံများထံ NP News က ဆက်သွယ် မေးမြန်းထားချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ (၁၁)မြို့ ကို TNLA အဖွဲ့က ထိန်းချုပ်ထားပြီး ဒေသခံများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်ထားသည့်အခွန်များကို ပေးဆောင်ခိုင်းခြင်းများရှိနေကြောင်းသိရသည်။ ထို့ပြင် TNLA ထိန်းချုပ်ထားရာ ကျောက်မဲမြို့တွင်လည်းရေခွန်၊ မိလ္လာခွန်၊ မီတာခွန်အပြင် အခြားသော အခွန်အခများစွာ ပေးဆောင် နေရပြီး မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့ထပ်ပင် အခွန်အခ များနေကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုသည်။ “လက်ရှိ အခြေ အနေမှာ ကျွန်တော်တို့က သူတို့ထိန်းချုပ်နယ်မြေမှာ ဆီတစ်လီတာ (၆၀၀၀)လောက်ရှိတယ်။ စက်သုံးဆီအနေအထားခက်ခဲတဲ့ အနေအထား တစ်ခုပါ။ ဂုတ်သွေးစုပ်တာပေါ့နော်။ ဒီလိုမျိုးအခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုးထပ်လုပ်တာက ပိုပြီးဆိုးရွားစေတယ်လို့မြင်တယ်။ မိုးတွင်း ကာလဆိုတော့ သူတို့အတွက် ဝင်ငွေနည်းတယ်။ အဲဒါကြောင့် ရတဲ့ အခွန်တော့ ကောက်နေတာပဲ။ ကျောက်မဲမှာဆိုရင်လည်း အခွန်တွေ ရှိတယ်။ ရေခွန်၊ မိလ္လာခွန်၊ ကျောင်းဝင်ကြေးစသဖြင့် မျိုးစုံကောက် နေတယ်။ ရန်ကုန်မှာတောင် အဲဒီလောက်မရှိဘူး။ ဈေးမှာဆိုလည်း ဈေးခွန် ကောက်ခံနေကြောင်း” အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းနှင့် နမ့်ဆန်မြို့တို့တွင်လည်း ပြီးခဲ့သည့် မေလ ၂၅ရက်မှစတင်တကာ ကားလိုင်စင်များ ပြုလုပ်ရမည် ဖြစ်ပြီး ကားအမျိုးအစားအလိုက် အခွန်၊ဝန်ဆောင်ခအနေဖြင့် (၂)သိန်း ကျပ်မှ (၅)သိန်းကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း TNLA က မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ “ဒေသခံတစ်ယောက်အနေနဲ့ လက်ရှိ နယ်မြေမငြိမ်းချမ်းတာလည်းတစ်ပိုင်း၊ နောက်တစ်ခုက စားသောက်ကုန်တွေ လောင်စာဆီဈေးတွေ မြင့်တဲ့အပိုင်းကတစ်ပိုင်း၊ ပြောရရင် အခက်အခဲဖြစ်နေတယ်။ အခက်ခဲဖြစ်နေတဲ့ကြားက ကားအခွန်အခတွေ၊ မီတာ အခွန်အခတွေ ကားလိုင်စင်တစ်ခုတည်းတင်မပြီးပေါ့ဗျ။ နောက်အခွန်တွေက ထပ်လာသေးတယ်ပေါ့။ ဒီမှာက အခွန်အခများလာတဲ့အပေါ်မှာ ဒေသခံတွေအပေါ် တော်တော်လေးအခက်အခဲဖြစ်တာ များလာတာပေါ့နော်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့သတ်မှတ်ထားသော စီမံချက်ကာလကို (၆)လသတ်မှတ်ထားပြီး ကားလိုင်စင်မလုပ်သူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။ ထို့ကြောင့် TNLA ထိန်းချုပ်ဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကြောင့် ဒေသခံများအခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည့်အပြင် နောင်လာမည့်ကာလတွင်လည်း အခြားသော မြို့နယ်များတွင် အထက်ပါစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားသည်။
ကိုးကား- NP News