ဟင်္သာတမြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ် ကောင်းမွန်နေ
ဟင်္သာတ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြ၍ သိရသည်။
ဟင်္သာတမြို့နယ်တွင် ယခုနှစ် မေလ ပထမပတ်မှစတင်၍ ယနေ့ထိ စားတော်ပဲများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲများ တစ်ပတ်လျှင် ၁၆ ပြည်ဝင်အိတ်ရေ ၂၅၀၀၀ မှ ၃၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“စားတော်ပဲက အရင်ထက် တော်တော်လေး အရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းစားသုံးမှု အားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ် ကောင်းလာတာပါ။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ စားတော်ပဲတွေက ဆောင်းကာလကျန်တဲ့ ပဲအဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူအားကောင်းလာတာပါ” ဟု ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြသည်။
ဟင်္သာတမြို့နယ်တွင် စားတော်ပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၂၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
စားတော်ပဲများ အရောင်းအဝယ်ကောင်းလာသည့်အတွက် စားတော်ပဲစိုက်တောင်သူများ၊ ကုန်သည်များ၊ မော်တော်ယာဉ် အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင် အဆင်ပြေနေကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ