မအူပင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီး
မအူပင် မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ကြောင်း မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။
ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီက မအူပင်မြို့နယ်၌ ငရုတ် ၆၆၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ရာ တစ်ဧက လျှင် ၃၇၀ ဒသမ ၀၈ ပိဿာခန့် ထွက်ရှိ ကြောင်း သိရသည်။
''မအူပင်မြို့နယ်မှာ ဆောင်းသီးနှံ စိုက်ပျိုးရာသီက ငရုတ်ဧက ၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိမှာ ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ပါတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အရည်အသွေးကောင်းမွန်တဲ့ ငရုတ်မျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ငရုတ်အပါအဝင် ဆောင်းသီးနှံတွေ အားလုံး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်စပ် ဌာနတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်'' ဟု ဦးဇော်မင်းထွန်းကပြောသည်။
မအူပင်မြို့နယ်၌ ငရုတ်အထွက်နှုန်း ညီစေရေး၊ပိုးမွှားအန္တရာယ် မကျရောက်စေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ အရည်အသွေး ကောင်းမွန်စေရေး စသည့် တောင်သူအသိပညာပေး လုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ဧက အားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်သဖြင့် ဒေသတွင်း စားသုံးမှုဖူလုံစေကာ သီးနှံဈေးနှုန်းများလည်း တည်ငြိမ် ကျဆင်းစေမည်ဖြစ်ပြီး စိုက်ပျိုး တောင်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal