တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းငယ်အနီးတွင် သုတေသန ဆိုင်ရာလေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဂျပန် ပြောကြား
တရုတ်နိုင်ငံ၏ ရေပြင်လေ့လာရေးသင်္ဘာတစ်စင်းသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပစိဖိတ်သမုဒ္ဒရာရှိ Okinotori ကျွန်း၏ ၂၇၀ ကီလိုမီတာ အကွာတွင်ရှိသော ဂျပန်အထူးစီးပွားရေးဇုန် (Exclusive Economic Zone- EEZ) အတွင်း သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ဂျပန်အစိုးရက မေလ ၂၇ ရက်တွင် စွပ်စွဲပြောကြား ခဲ့သည်။ Okinotori ကျွန်းသည် ဂျပန်အတွက် မဟာဗျူဟာကျသော အချက်အချာနေရာဖြစ်ပြီး EEZ နယ်နိမိတ်ကို ချဲ့ထွင်နိုင်ရန် အထောက် အကူပြုသည်။
နိုင်ငံတကာဥပဒေအရ ကမ်းရိုးတန်းနိုင်ငံတစ်ခုသည် ၎င်း၏ ကမ်းခြေမှ ရေမိုင် ၂၀၀ အတွင်း သို့မဟုတ် ၃၇၀ ကီလိုမီတာအထိ ကျယ်ဝန်းသော EEZ အတွင်း၌ သဘာဝ သယံဇာတရင်းမြစ်များအား စီမံခန့်ခွဲပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ စီးပွားရေးလုပ်ငန်းနှင့် မသက်ဆိုင်သော သုတေသန (ဥပမာ— ပင်လယ် သမုဒ္ဒရာဆိုင်ရာ လေ့လာမှုများ) ပြုလုပ်လိုပါက အဆိုပါကမ်းရိုးတန်းနိုင်ငံ၏ ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။
တရုတ်နိုင်ငံ ရေပြင်သုတေသနသင်္ဘောသည် ဂျပန်၏ သဘောတူညီချက် မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ဆောင်မှုကိုရပ်တန့်ရန် ဂျပန်ကမ်းခြေစောင့်တပ်က တောင်းဆိုခဲ့ပြီး သံတမန် ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့်လည်း တရုတ်ဘက်သို့ ကန့်ကွက်စာ တင်သွင်းခဲ့ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ Hayashi က ပြောကြား ခဲ့သည်။
သို့သော် ဂျပန်၏ Okinotori ကျွန်းသည် တိုကျိုမြို့၏ တောင်ဘက် ကီလိုမီတာ ၁,၇၀၀ အကွာတွင် တည်ရှိပြီး ကျောက်တန်းများသာဖြစ်ကာ ကျွန်းအစစ်အမှန်မဟုတ်ဟု တရုတ်အစိုးရက ငြင်းဆိုသည်။
ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် UN Convention on the Law of the Sea (UNCLOS) အရ ကျွန်းတစ်ခု အဖြစ် အသိအမှတ်ပြုရန် လူနေထိုင်နိုင်သော သဘာဝအခြေအနေနှင့်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်သည်။ သို့သော် Okinotori ကျွန်းသည် ယင်းစံနှုန်းများနှင့် မကိုက်ညီသဖြင့် ဂျပန်သည် ၎င်းကို အခြေပြု၍ EEZ အဖြစ် သတ်မှတ်ပိုင်ခွင့်မရှိဟု တရုတ်က ငြင်းဆိုသည်။
ထို့ကြောင့် Okinotori ကျွန်းနှင့်စပ်လျဉ်း၍ ဂျပန်၏ ကန့်ကွက်မှုသည် နိုင်ငံတကာဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။
အဆိုပါအငြင်းပွားမှုသည် ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးနှင့် UNCLOS ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ဆိုင်ရာ နိုင်ငံတကာ အငြင်းပွားမှုတစ်ခုဖြစ်သည်။ Okinotori သည် ကျွန်းလား၊ ကျောက်တန်းလား ဆိုသည့် အချုပ်အခြာအာဏာပဋိပက္ခသည် ဂျပန်-တရုတ် ဆက်ဆံရေး တွင် ပင်လယ်ရေကြောင်းဆိုင်ရာတင်းမာမှုများကို ဆက်လက်ဖြစ်ပေါ် စေနိုင်သည်။
ကိုးကား -CNA
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃