ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် လေ့လာရေးအဖွဲ့ စေလွှတ်ရန် အဆိုပြု

News Image

  • ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် လေ့လာရေးအဖွဲ့ စေလွှတ်ရန် အဆိုပြု

ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူသည် မြန်မာနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲများတွင် နိုင်ငံတကာ လေ့လာသူများအဖြစ် ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ဆာဂေးရှိုးဂူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တွေ့ဆုံပွဲတွင် “မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် အပြည်ပြည်ဆိုင်ရာ လေ့လာသူများအဖြစ် ပါဝင်ရန်အတွက် ရုရှား ပါလီမန်အမတ်များ၊ ပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့တစ်ခု ကိုစေလွှတ်ရန် အလားအလာရှိသည်ဟု မိမိ ယူဆပါသည်” ဟု ပြောကြားခဲ့ပါသည်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးက “လာမည့်ပါလီမန် ရွေးကောက်ပွဲများအား အောင်မြင်စွာ ပြင်ဆင်နိုင်ပါစေကြောင်းနှင့် ငြိမ်းချမ်း တည်ငြိမ်သော အခြေအနေများအောက်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ပါစေကြောင်း မိမိတို့ ဆန္ဒပြုပါသည်” ဟု အလေးထား ပြောကြား ခဲ့ပါသည်။

ရုရှားအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကဏ္ဍအသီးသီးတွင် တိုးတက်မှုများ ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း ဆာဂေးရှိုးဂူက ထပ်လောင်းပြောကြားခဲ့ပါသည်။

“မတ်လ ၄ ရက်နေ့တွင် မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းသမ္မတ ဗလာဒီမာ ပူတင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆွေးနွေးပွဲများမှ ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းကို မိမိတို့ ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုအပ်သော ညွှန်ကြားချက်များအားလုံးကိုလည်း ပေးထားပြီးဖြစ်ပါကြောင်း၊ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူ က ပြောကြားခဲ့ ပါသည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသနှင့် နိုင်ငံတကာစင်မြင့်တွင် ရုရှား၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မော်စကိုမြို့၊ ရင်ပြင်နီတွင် ကျင်းပသော မျိုးချစ်စစ်ပွဲကြီး (ဒုတိယ ကမ္ဘာစစ်) အောင်ပွဲ ၈၀ နှစ် ပြည့် အခမ်းအနားတွင် ပါဝင်ဆင်နွှဲနိုင်ခဲ့ခြင်းကို မိမိတို့ အလွန်တန်ဖိုးထားလေးစားပါသည်” ဟု ဆာဂေးရှိုဂူက ပြောကြားခဲ့ပါသည်။

ကိုးကား - Tass