Trump အစိုးရက အမေရိကန်ကုမ္ပဏီအချို့အား တရုတ်နိုင်ငံသို့ ကုန် ပစ္စည်းရောင်းချခြင်းကို ရပ်တန့်ရန် အမိန့်ပေးခဲ့
Financial Times (FT) မှ ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ရေးသားဖော်ပြချက်အရ Trum အစိုးရသည် အမေရိကန်ကုမ္ပဏီအချို့အား တစ်ပိုင်းလျှပ်ကူး ပစ္စည်းဒီဇိုင်းဆော့ဖ်ဝဲများ တရုတ်နိုင်ငံသို့ ရောင်းချခြင်းကို ထိထိရောက်ရောက် တားမြစ်လိုက်သည်။
FT ၏ သတင်းတွင် အဆိုပါကိစ္စရပ်နှင့် ရင်းနှီးသူများကို ကိုးကား၍ Cadence၊ Synopsys နှင့် Siemens EDA အပါအဝင် ကုမ္ပဏီများ ထိခိုက်မည်ဟု ဖော်ပြထားပြီး CNN အနေဖြင့် ယခုအချက်အလက်ကို ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ Cadence နှင့် Synopsys တို့မှလည်း အတည်ပြုချက်တောင်းခံမှုများကို အကြောင်းမပြန်သေးပေ။ နောက်ပိုင်း တွင် New York Times သတင်းစာက ဂျက်အင်ဂျင်နည်းပညာနှင့် ဓာတုပစ္စည်းအချို့၏ တရုတ်သို့ရောင်းချမှုများလည်း ရပ်ဆိုင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ဖော်ပြခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဌာန (Commerce Department) က CNN အား ဗုဒ္ဓဟူးနေ့တွင် “တရုတ်နိုင်ငံသို့ မဟာဗျူဟာမြောက် အရေးပါသော တင်ပို့မှုများကို ပြန်လည်သုံးသပ်နေသည်” ဟု ပြောကြားခဲ့သည်။
“အချို့သောကိစ္စရပ်များတွင် ကူးသန်းရောင်းဝယ်ရေးဌာနသည် လက်ရှိ ပို့ကုန်လိုင်စင်များကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပြန်လည်သုံးသပ်မှုကို ဆိုင်းငံ့ထားစဉ်တွင် အပိုလိုင်စင်လိုအပ်ချက်များ ချမှတ်ထားသည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် မည်သည့်ကုမ္ပဏီများ ပါဝင်သည်ဆိုသည့် CNN ၏ မေးမြန်းချက်ကို အကြောင်းမပြန်ခဲ့ပေ။
Siemens ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN အား အမေရိကန် အစိုးရသည် သောကြာနေ့ (မေ ၃၀) တွင် တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်စစ်တပ်ထုတ်ပစ္စည်းများ သုံးစွဲသူများသို့ ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲ တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်အသစ်များနှင့် ပတ်သက်၍ စက်မှုလုပ်ငန်း ကို အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
“Siemens သည် သက်ဆိုင်ရာနိုင်ငံ၏ တင်ပို့မှုထိန်းချုပ်ရေး စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်နေစဉ် အဆိုပါ ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို လျှော့ချရန် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ ဖောက်သည်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ၎င်းက ဆိုသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂