မက် (Musk) ထရမ့်အစိုးရအဖွဲ့၏ အထူးဝန်ထမ်းအဖြစ်မှ နုတ်ထွက်
အမေရိကန်အစိုးရ၏ အစိုးရစွမ်းဆောင်ရည်စစ်ဆေးရေးအဖွဲ့ (DOGE) ၏ ဥက္ကဋ္ဌနှင့် နည်းပညာ ဘီလီယံနာ အီလွန်မက်က အစိုးရဝန်ထမ်းအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။Musk နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား သဘောထားကွဲလွဲမှုများမြင့်တက်လာနေသည့် သတင်းများထွက်ပေါ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖက်ဒရယ်အစိုးရအား သာမန်အမေရိကန်နိုင်ငံသားများ၏ လိုအပ်ချက် များကို ပိုမိုတုံ့ပြန်နိုင်စေရန်နှင့် ငွေကြေးအလဟဿသုံးစွဲမှုများကို ဖော်ထုတ် ဖယ်ရှားရန် ထရမ့်က DOGE ကို တည်ထောင်ခဲ့သည်။ ပုံမှန်အစိုးရဌာန တစ်ခုမဟုတ်သော Musk ၏အဖွဲ့သည် အစိုးရအလုပ်များ ဖျက်သိမ်းခြင်း၊ ထောက်ပံ့ငွေနှင့် အစီအစဉ်များ ရပ်စဲခြင်းတို့ကို ကြီးကြပ်ခဲ့သည်။ ထရမ့်သည် ပညာရေးဌာနနှင့် USAID (အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ) တို့ကို ဖျက်သိမ်းရန်လည်း DOGE ကို အသုံးပြုခဲ့သည်။
“အထူးအစိုးရဝန်ထမ်းအဖြစ် မိမိ၏တာဝန်ထမ်းဆောင်ချိန်အတွင်း အပို အသုံးစရိတ်များ လျှော့ချနိုင်ရန် အခွင့်အရေးပေးခဲ့သည့် သမ္မတ ထရမ့် အား ကျေးဇူးတင်ပါသည်” ဟု Musk က ဗုဒ္ဓဟူးည (မေ ၂၈) တွင် X ပလက်ဖောင်း၌ ရေးသားခဲ့သည်။
Musk သည် မကြာသေးမီက ထရမ့်၏ အခွန်နှင့် အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် စိတ်ပျက်မိကြောင်းဖော်ပြခဲ့ပြီး ၎င်းသည် ဘဏ္ဍာရေး လိုငွေပြမှုကို မြင့်တက်စေကာ DOGE ၏ ရည်မှန်းချက်ကို ထိခိုက်စေ မည်ဟု ဆိုခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်ကလည်း ၎င်းသည် တာဝန် ကျေပြွန်စွာထမ်းဆောင်ပြီးဖြစ်သောကြောင့် နိုင်ငံရေးတွင်ပါဝင်မှုကို လျှော့ချ လိုကြောင်း ပြောကြားခဲ့သည်။
အမည်မဖော်လိုသော အိမ်ဖြူတော်အရာရှိတစ်ဦးက Reuters သို့ Musk သည် အစိုးရအဖွဲ့မှ ထွက်ခွာမည်ဖြစ်ပြီး “၎င်း၏ နုတ်ထွက်မှုသည် ယနေ့ ညမှ စတင်မည်” ဟု အတည်ပြုခဲ့သည်။
CNN သတင်းဌာနက ယခင်က ဖော်ပြခဲ့ဖူးသည်မှာ DOGE ၏ လုပ်ငန်း များသည် Musk နောက်ဆုတ်သွားသည့်တိုင် ဆက်လက် လည်ပတ် နေမည်ဖြစ်ပြီး ဝန်ထမ်းများလည်း လာမည့်လများ သို့မဟုတ် နှစ်များ အတွင်း ဖက်ဒရယ်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြ ဦးမည်ဟု ဆိုသည်။
အထူးအစိုးရဝန်ထမ်းအဖြစ် ရက်ပေါင်း ၁၃၀ သာ အလုပ်လုပ်ခွင့်ရှိသည့် Musk သည် ဗဟိုအစိုးရဝန်ထမ်းဘဝမှ နုတ်ထွက်ရန် လုပ်ငန်းစဉ်ကို ဗုဒ္ဓဟူးည(မေ ၂၈)မှစတင်မည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်တွင် စာရွက် စာတမ်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
မကြာသေးမီသီတင်းပတ်များအတွင်း Musk သည် အချိန်ပြည့်အစိုးရ လုပ်ငန်းများမှ နုတ်ထွက်ရန် စတင်ဆောင်ရွက်နေပြီး ၎င်း၏ ကုမ္ပဏီများ ဖြစ်သည့် SpaceX နှင့် Tesla တို့အပေါ် အာရုံစိုက်ရန် ပြင်ဆင် နေခဲ့သည်။ ထိုကုမ္ပဏီများသည် Trump အုပ်ချုပ်ရေးအဖွဲ့နှင့် Musk ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
ကိုးကား- RT / CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂