တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

News Image

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့၊ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ ရှန်းကျန့်မြို့ ဒုတိယမြို့တော်ဝန် Mr. Dai Jin Tao ၊ နန်နင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့လေ့လာခြင်း စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလာဒ်များ ပေါ်ထွက်လာအောင်ဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားပြည်သူများ၊ တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် “တရုတ်-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ" ၊ “တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ” ၊ “ တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်”၊ “တရုတ်မြန်မာချစ်ကြည်စွာ တွဲလက်မြဲပါစေ”၊ “မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ “တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ”၊ “အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ”၊ တရုတ်-မြန်မာ ချစ်ကြည်ရေးခိုင်မြဲပါစေ” ၊ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်၍လည်းကောင်း၊ တရုတ်- မြန်မာ နှစ်နိုင်ငံအလံငယ်များဝှေ့ယမ်း၍ လည်းကောင်းသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm