ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၉၀ ခန့်က အမေရိကန်တွင် ပညာ ဆက်လက် မသင်ကြားနိုင်တော့သော နိုင်ငံတကာကျောင်းသားများကို လက်ခံရန် စီစဉ်ဆောင်ရွက်နေ
အမေရိကန်တွင် ပညာဆက်လက်မသင်ကြားနိုင်တော့သော နိုင်ငံတကာ ကျောင်းသားများကို လက်ခံရန် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၉၀ ခန့်က စဉ်းစားဆောင်ရွက်နေကြောင်း ဂျပန်နိုင်ငံ၏ ပညာရေးဝန်ကြီး Abe Toshiko က ပြောကြားခဲ့သည်။
အဆိုပါကျောင်းသားများမှာ ဂျပန်နိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသား ဖြစ်စေ ကူညီပံ့ပိုးပေးရန် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များအား တောင်းဆိုခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့က Harvard တက္ကသိုလ်အား နိုင်ငံတကာ ကျောင်းသားများကို လက်မခံရန် တားမြစ်သည့်အမိန့်ကို ထုတ်ပြန်ကြေညာပြီးနောက် ဂျပန်နိုင်ငံပညာရေးဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်များထံမှလည်း နိုင်ငံတကာကျောင်းသားများအား လက်ခံရန် အပြုသဘောဆောင်သော တုံ့ပြန်ချက်များရရှိကြောင်းနှင့် အချို့ တက္ကသိုလ် များအနေဖြင့် အဆိုပါ ကျောင်းသားများအား နေရာထိုင်ခင်းများ စီစဉ်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီး Abe Toshiko က ပြောကြားခဲ့သည်။
ကိုးကား - NHK
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃