မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ တိုင်းရင်းသား၊ တိုင်းရင်းသူ များက မီးကြာခွက်များကိုင်ဆောင်၍ လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုးဒေါ်မိုးအက၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်များ တီးမှုတ်၍ ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ် အလုံး ၅၀၀ ကို လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်နားပန် မီးပုံးပျံများနှင့် ညမီးကျည်(ညမီးကြီး) မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
မီးပုံးပျံများ လွှတ်တင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မီးပုံးပျံငယ်များကို လွှတ်တင်ပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဆီမီးများကို အတူတကွ ထွန်းညှိပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့်လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင်ဖျော်ဖြေမှုတို့ကို လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော် ကြည်ညိုကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
Source: www.moi.gov.mm