၁၈ စက္ကန့်အတွင်း အားအပြည့်သွင်းနိုင်စေမယ့် EV အတွက် ဘက်ထရီ
လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) များဆိုတာ ယနေ့အချိန်အခါမှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ ယာဉ်အမျိုးအစားတစ်မျိုးဖြစ်လာနေတာကို တွေ့ရပါတယ်။ စိတ်ဝင်စားမှုမြင့်တက်ရတဲ့ အကြောင်းရင်းက နည်းပညာမြင့်မား မှုကို ရရှိခံစားနိုင်မယ်။ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မယ် အစရှိတဲ့ ကောင်းကျိုးများကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့လည်း တစ်ဖက်ကနေပြန်ကြည့်ပြန်တော့ EV များအပေါ် လူစိတ်ဝင်စားမှုက လျော့ကျနေပြန်ပါသေးတယ်။ ဆိုလိုတာက လူစိတ်ဝင်စားမှုကို ထင်သ လောက်မရရှိသေးဘူးလို့ ပြောချင်တာပါ။ ဘာကြောင့်လဲဆိုရင် EV တွေရဲ့ဘက်ထရီ စွမ်းဆောင်ရည်ဟာ လက်ရှိအသုံးပြုနေတဲ့ လောင်စာဆီသုံးကားတွေ လောက်အထိ အသုံးမတည့်တဲ့ အတွက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် လောင်စာဆီသုံးကားတစ်စီးက ဆီ အပြည့်ဖြည့်ထားရင် ကီလိုမီတာ ၆၀၀ သွားနိုင်သလို EV ကားတစ်စီးက အားအပြည့်ဖြည့်ထားရင် ကီလိုမီ တာ ၆၀၀ သွားနိုင်ပေမယ့် အားပြန်သွင်းချိန်မှာကျ တော့ လောင်စာဆီသုံး ကားတွေဆီဖြည့်သလို သုံးမိနစ်အတွင်းနဲ့ အားအပြည့်မရနိုင်ပါဘူး။
အခုတော့ VarEVolt ဆိုတဲ့ဘက်ထရီက အဲဒီကွာ ခြားချက်ကို ဖြည့်ဆည်းပေးမယ့် ဘက်ထရီဖြစ်လာပါပြီ။ သူ့ကို ဗြိတိန်နိုင်ငံအခြေစိုက် RML ကုမ္ပဏီက ဖန်တီးထားတာဖြစ်ပါတယ်။ အခုဆိုရင် အဲဒီဘက်ထရီတွေကို ပမာဏအများအပြား ထုတ်လုပ်ဖို့နဲ့လက်တွေ့ အသုံးပြုဖို့အတွက် အသင့်ဖြစ်နေပြီလို့ ကုမ္ပဏီ ကပြောထားပါတယ်။
VarEVolt ဘက်ထရီက လက်ရှိအချိန်အထိကမ္ဘာပေါ်မှာ သိပ်သည်းဆအများဆုံး ဘက်ထရီဖြစ်သလို အလေးချိန် ၁ ကီလိုဂရမ်ကို လျှပ်စစ်စွမ်းအင် ၆ ကီလို ဝပ်အထိ ထုတ်ပေးနိုင်တာကြောင့် EV တစ်စီးကဘယ် အချိန်မဆို တောင်းဆိုလာနိုင်တဲ့ စွမ်းအင်ပမာဏကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်။
အဲဒီဘက်ထရီက စွမ်းအင်သိုလှောင်နိုင်မှုပမာဏ များပြားပေမယ့် သူ့ကိုအားသွင်းရမယ့် ကြာမြင့်ချိန်ကတော့ သိုလှောင်နိုင်မယ့် စွမ်းအင်ပမာဏနဲ့ မလိုက်အောင်ကိုပဲ အလွန်မြန်ဆန်လှပါတယ်။ ဘယ်လောက် ထိအောင်လည်းဆိုရင် ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ကားတစ်မျိုးဖြစ်တဲ့ Porsche Taycan လိုကားမျိုးက ဘက်ထရီအား အပြည့်သွင်းဖို့ ၁၂ မိနစ်ကြာမြင့်ချိန်မှာ VarEVolt ကတော့ ၁၈ စက္ကန့်ပဲကြာမယ်လို့ ဆိုထားပါတယ်။
ဒီလိုစွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကိုထုတ် လုပ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းက သိပ်မထူးဆန်းပါဘူး။ RML ကုမ္ပဏီအနေနဲ့ သူတို့အတွက် လိုအပ်တဲ့ ဘက်ထရီအမျိုးအစားကို တခြားကုမ္ပဏီတွေက မထုတ်ပေးနိုင်တဲ့အတွက် သူတို့ကိုယ်တိုင် တီထွင်ထုတ်လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
MWD Web Portal