အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တွင် မြန်မာအသင်းက လာအိုအသင်းကိုအနိုင်ရရှိ

News Image

  • အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တွင် မြန်မာအသင်းက လာအိုအသင်းကိုအနိုင်ရရှိ

ရန်ကုန် ဇွန် ၁၁

၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့တွင် ဗီယက်နမ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်းက လာအိုအသင်း ကို ခြောက်ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခွင့်အရေးရှိလာသည်။ 
မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ် လက်ရွေးစင်အသင်းသည် လာအိုအသင်း ကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ယူပြီး ဆီမီး ဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရှိလာသည်။ အဖွင့်ပွဲတွင် အိမ်ရှင်ဗီယက်နမ် ကို အရေးနိမ့်ခဲ့သဖြင့် အုပ်စုပထမဖြစ်ခွင့် ဆုံးရှုံးလုနီးပါးဖြစ်သွားသည့်မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် လက်ကျန်နှစ်ပွဲကို အာရုံစိုက်ကစားနေပြီး နောက်ဆုံးပွဲတွင် တီမောအသင်းကို အနိုင်ရပါက နောက်တစ်ဆင့်တက်ရောက်ခွင့် ရနိုင်မည်ဖြစ်သည်။

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဗီယက်နမ်နှင့်ကစားခဲ့သည့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲပြုလုပ်ထားပြီး မတူညီသည့် လူစာရင်းဖြင့် ပွဲထွက်လာ ကာလှလှထွေး(ဂိုး)၊ မင်းမင်း၊ သီရိနန္ဒာစိုး၊ ယုယုနိုင်၊ သဲအိလှိုင် နှင်းစန္ဒာဝင်း၊ ကေသွယ် ဖြိုးဦး၊ အိသက်ဖြိုး၊ ဒေစီအောင်၊ စုစုခင်၊ ယဉ်လွန်းအိမ်တို့ကိုအသုံးပြုခဲ့သည်။ မြန်မာ အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၈ မိနစ်တွင် အဖွင့်ဂိုးစတင် သွင်းယူနိုင်ခဲ့ကာ ပထမပိုင်းမှာပင် သုံးဂိုး ပြတ်အနိုင်ရနေသည်။ ပထမပိုင်းတွင် မြန်မာအသင်းအတွက် ဂိုးများကို ၁၈ မိနစ် တွင် ဒေစီအောင်၊ ၂၈ မိနစ်တွင် စုစုခင်နှင့် ၄၃ မိနစ်တွင် ယဉ်လွန်းအိမ်တို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၄၆ မိနစ်တွင် ဒေစီအောင်၊ ၅၆ မိနစ်တွင် စုစုခင်၊ ၇၂ မိနစ်တွင် အေးအေးစိုးတို့က ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန်လ ၁၃ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မောင်သော်