Musk ပိုင် Starlink ကို အရေးယူရန် အစီအစဉ် မရှိဟု ထရမ့်ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Starlink ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ကို ထိခိုက်စေမည့် အရေးယူမှုများ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ပြောကြားလိုက်ပါသည်။
Starlink နှင့် Tesla ကုမ္ပဏီနှစ်ခုစလုံးကို ဘီလီယံနာ စီးပွားရေး လုပ်ငန်းရှင် အီလွန်မက်က ပိုင်ဆိုင်ပြီး မက်သည် မကြာသေးမီအချိန်က အစိုးရထိရောက်မှုဌာန (DOGE) ကို ဦးဆောင်ခဲ့သူဖြစ်ပါသည်။ သို့သော် ၎င်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ပြီးခဲ့သည့်အပတ်က လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ငြင်းခုံခဲ့ကြပါသည်။
“Tesla ကို နည်းနည်းလေး ရွေ့ထားလိုက်ပါ့မယ်၊ ဒါပေမယ့် Starlink နှင့်ပတ်သက်ပြီး အဲဒါမျိုးတော့ မလုပ်ပါဘူး၊ အဲဒါက ဝန်ဆောင်မှုကောင်းတစ်ခုပဲ” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ Tesla ကို ရွေ့ပြောင်းရန် ၎င်း ဘာကိုဆိုလိုသည်ကို မရှင်းပြခဲ့သော်လည်း ထိုသို့ဆောင်ရွက်ရန် “နေရာများစွာရှိသည်” ဟု ပြောကြားခဲ့ပါသည်။
Starlink စနစ်ကို ယူကရိန်းတပ်များက ဆက်သွယ်ရေးအတွက် ထိထိ ရောက်ရောက် အသုံးပြုနေပါသည်။
ဇွန် ၅ ရက်နေ့က မက်နှင့် ထရမ့်တို့သည် လူမှုကွန်ရက်ပေါ်တွင် တစ်ဦး ကိုတစ်ဦး ပြင်းထန်စွာ စွပ်စွဲခဲ့ကြသည်။ မက်က ၎င်း၏ ထောက်ခံမှု မရှိပါက ထရမ့်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အနိုင်ရရန် မဖြစ်နိုင်ကြောင်း၊ ထို့အပြင် ထရမ့်အား ရာထူးမှ ဖယ်ရှားရန် ထောက်ခံခဲ့ပြီး ၎င်း၏ အစိုးရအသုံးစရိတ်လျှော့ချမှုကိစ္စများကို ဝေဖန် ပြစ်တင်လိုက်ကာ ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် အမေရိကန် စီးပွားရေး ကျဆင်းမည်ဟု ခန့်မှန်းပြောကြားခဲ့ပါသည်။
အလားတူပင် ထရမ့်က မက်သည် DOGE ကို ဦးဆောင်စဉ်က တာဝန် များကို ထိရောက်စွာ မထမ်းဆောင်တော့ဘဲ “ရူးသွားပြီ” ဟု ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ SpaceX အပါအဝင် မက်၏ကုမ္ပဏီများနှင့် အစိုးရစာချုပ်များကို ဖျက်သိမ်းရန် ခြိမ်းခြောက်ခဲ့ပြီး အထောက်အပံ့ အားလုံးကို ရုပ်သိမ်းမည်ဟု ထရမ့်က ပြောကြားခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃