တရုတ်- အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” က ခေါင်းစဉ်ပြခြင်းသာဖြစ်
ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနာဂတ် အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိက အကြောင်းပြချက်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန် ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏ အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရာတွင် အကြီးမားဆုံးသော အတားအဆီးဖြစ်လာ လိမ့်ပေမည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိဆိုသည်မှာ ထဲထဲဝင်ဝင် ရှုမြင်ရန် လိုအပ်သည်။ အမေရိကန်၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍရှိ ဧရာမကြီးမားသော အားသာချက်ကို မဆိုထားဘိ ကုန်စည် ကုန်သွယ်ရေး ကဏ္ဍတွင်ပင်လျှင် အမေရိကန်အစိုးရက အဆင့်မြင့် သိပ္ပံနည်းပညာကုမ္ပဏီ လုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပို့ကုန်စီမံထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းကြောင့် အဆင့်မြင့် သိပ္ပံနည်းပညာ ထုတ်ကုန် ရေရှည်ပို့ကုန်ကန့်သတ်မှုခံနေရသည်။ အမေရိကန်ဘက်က ကုန်သွယ်စီးပွားအရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းနှင့်အတူ ယခုနှစ်များ၌ ကုန်သွယ် စီးပွားကဏ္ဍ ကန့်သတ်မှုမူဝါဒနှင့် အစီအမံများစွာကို အဆက်မပြတ် ထုတ်ပြန်ခဲ့ရာ ကန့်သတ်မှု အတိုင်းအတာ စဉ်ဆက်မပြတ် တိုးချဲ့ပြီး ပိတ်ဆို့မှုအင်အားကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု ကြီးမားလာခြင်းမှာ အမေရိကန် ဘက်က မူဝါဒကြောင့် မလွဲမသွေ ဖြစ်လာရသည့် ရလဒ်ပင်ဖြစ်သည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊မရှိကို ဘက်စုံရှုမြင်ရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးအခြေအနေသည် ၎င်း၏မက်ခရိုစီးပွားရေးဖွဲ့စည်းမှုပေါ်တွင် မူတည်ခြင်းဖြစ်ပြီး ကုန်သွယ်ရေး မိတ်ဖက်ပေါ်တွင် မူတည်ခြင်းမဟုတ်ပေ။ တရုတ်-အမေရိကန် ကုန်စည်ကုန်သွယ်ရေး ပမာဏ၏ ပို့ကုန်နှင့် သွင်းကုန်ပမာဏ ကွာဟမှုမှာ အမေရိကန် စီးပွားရေး ဖွဲ့စည်းပုံပြဿနာ၏ မလွဲမသွေ ရလဒ်ဖြစ်သလို နှစ်နိုင်ငံ နှိုင်းယှဉ်သည့်အားသာချက်နှင့် နိုင်ငံတကာ လုပ်ငန်းကဏ္ဍ ခွဲထားသည့် အခင်းအကျင်းများက အဆုံးအဖြတ် ပေးခြင်းလည်းဖြစ်သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု၏ အရင်းအမြစ်မှာ အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း အဆက်မပြတ် တိုးချဲ့ခြင်းကြောင့်ဖြစ်ပြီး ကုန်ပစ္စည်းအများအပြားကို သွင်းကုန်အားထားရခြင်းကြောင့် ဖြစ်သည်။ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင်မူ အမေရိကန်သည် သိသာထင်ရှားသော အားသာချက် ရှိနေ ပေသည်။ အမေရိကန်သည် တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေပြမှုအကြီးဆုံး အရင်းအမြစ် ဖြစ်ပြီး လိုငွေပြသည့် အတိုင်းအတာမှာ ယေဘုယျအားဖြင့် ချဲ့ထွင်သောအနေအထား ရှိသည်။ ကုန်စည် ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် မိမိနိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ တစ်ဖက်နိုင်ငံရှိ ဌာန အဖွဲ့ အစည်း၌ ဒေသရောင်းအားပမာဏ ဟူသော အကြောင်းအရင်း သုံးရပ်ကို ဘက်စုံ ထည့်သွင်းစဉ်းစားပါက တရုတ်-အမေရိကန် နှစ်ဖက်ကုန်သွယ် စီးပွားကူးသန်းမှု အကျိုးအမြတ် ခံစားရမှုမှာ အကြမ်းဖျင်းအားဖြင့် ညီမျှပေသည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိ၊ မရှိကို ဖွံ့ဖြိုးတိုးတက်မှုဖြင့် ရှုမြင်ရန် လိုအပ်ပေသည်။ တရုတ် နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး မှီခိုမှုအချိုးအစားမှာ ယခုရာစုနှစ် ကနဦးကာလက ၆၀ ရာခိုင်နှုန်းကျော်မှ ၂၀၂၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထား သည်။ တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို စဉ်ဆက် မပြတ်မြှင့်တင်ခြင်း၊ ပြည်တွင်းလည်ပတ်မှုကို တိုးချဲ့လာခြင်းတို့နှင့်အတူ ယနေ့တွင် စားသုံးမှုမှာ တရုတ်စီးပွားရေး တိုးတက်မှု၏ အဓိကအကျဆုံး မောင်းနှင်အား ဖြစ်ခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ပိုငွေကို တမင်ရည်ရွယ်ချက်ရှိစွာ ဖော်ဆောင်ခြင်း မဟုတ်ပေ။ တရုတ်နိုင်ငံ၏ လက်ရှိ စာရင်း ပိုငွေ (Current Account Surplus) နှင့် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အချိုးအစားမှာ ၂၀၀၇ ခုနှစ်တွင် ၉.၉ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်း အထိ လျော့နည်းလာခဲ့ပြီဖြစ်သည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” သည် ခေါင်းစဉ်ပြခြင်းဖြစ်ပေသည်။ အမှန်စင်စစ် တွင်မူ တရုတ်- အမေရိကန်တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသော ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ရှိကြရာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ် ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရန်ဖြစ်သည်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့် အချိန်မှစ၍ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်နက်ရှိုင်းခဲ့ရာ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် ကုန်သွယ်ရေး မိတ်ဖက်နှင့် နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံကြသော မိတ်ဖက်များ ဖြစ်သလို နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းများတွင် အခက်အခဲများကို အတူ တကွ ကျော်လွှားခဲ့ဖူးကြသည်။ ယင်းတွင် ဈေးကွက်အင်အား၏ မလွဲမသွေ ရွေးချယ်မှုများ ပါဝင်သလို နှစ်ဖက်၏ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသည့် ဉာဏ်ပညာနှင့် အမြော်အမြင်အခင်းအကျင်း ပို၍ပင် ပါရှိကြပေသည်။
တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ အဆင့်မြင့် ပြည်ပတံခါး ဖွင့်လှစ်မှု တိုးချဲ့ရေးကို မမှိတ်မသုန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသလို ဈေးကွက်အသွင်၊ တရားဥပဒေ စိုးမိုးရေး အသွင်၊ နိုင်ငံတကာအသွင် ပထမတန်းစား စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန် ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် ဆက်လက် ရင်းနှီးမြှုပ်နှံရန်၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခွင့် အလမ်းများကို အတူတကွ မျှဝေခံစားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တွန်းအားပေး အကျိုးဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံဘက်က ကြိမ်ဖန်များစွာ ပြောကြား ခဲ့သည်။
“စည်ပင်သာယာဝပြောမှုကို အကောင်းဆုံးဖော်ဆောင်တဲ့နည်းလမ်းက အတားအဆီး တံတိုင်းမြင့် ကြီးထဲမှာ မရှိပါဘူး၊ တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားရမှာဖြစ်တယ်” ဟု အမေရိကန်နိုင်ငံ ဆီလီကွန်ဗယ်လီ နာမည်ကျော် incubators ကုမ္ပဏီဖြစ်သည့် “Founder Space” အမှုဆောင် အရာရှိချုပ် Steven Hoffman က ဆင်ဟွာ သတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ကုန်သွယ်မှု အရေးကိစ္စကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင်၊ လုံခြုံရေးအသွင် အကျယ်ချဲ့ပြီး ကုမ္ပဏီလုပ်ငန်းများကို ဖိအားပေး ဘက်ရွေးရပ်တည်စေခြင်း၊ စီးပွားရေးစည်းမျဉ်း များကို ချိုးဖောက်သည့် ရွေးချယ်မှုလုပ်ခြင်းသည် ဈေးကွက်စည်းမျဉ်းစည်းကမ်း၊ တံခါးဖွင့် အခြေအနေကြီးနှင့်ကိုက်ညီမှုမရှိသလို တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း သမိုင်းက အဖန်တလဲလဲ သက်သေပြခဲ့သည်။ တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး တိုက်ခိုက်လျှင် နှစ်ဖက်လုံး အထိနာမည် ဖြစ်ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော မုချမသွေ ရွေးချယ်မှု ဖြစ်ပေသည်။
ကိုးကား - ဆင်ဟွာ