သမ္မတ Trump က 'Los Angeles ကို ပြန်လည်တည်ငြိမ်စေရန်' ကတိပြု

News Image

  • သမ္မတ Trump က 'Los Angeles ကို ပြန်လည်တည်ငြိမ်စေရန်' ကတိပြု

အမေရိကန်သမ္မတက Los Angeles ကို ပြင်ပအင်အားစုများ ဝင်ရောက် နှောင့်ယှက်နေသည်ဟု ပြောကြားကာ တပ်မတော်အား တည်ငြိမ်စေရန် နှင့် လုံခြုံရေးပြန်လည်ထူထောင်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

“မိမိတို့သည် Los Angeles ကိုပြန်လည်တည်ငြိမ်အေးချမ်းစေမည်။ အဆိုပါမြို့တော်အား ၎င်း၏လွတ်လပ်မှု၊ ၎င်း၏အလှတရားနှင့် လုံခြုံမှု ကို ပြန်လည်ပေးအပ်မည်” ဟု အမေရိကန်သမ္မတ Donald Trump က ဇွန် ၁၀ ရက်နေ့တွင် North Carolina ရှိ Fort Bragg ၌ California ပြည်နယ်၏ တင်းမာမှုများနှင့်ပတ်သက်၍ မှတ်ချက်ပြုခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သမ္မတ Trump သည် California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom နှင့် မြို့တော်ဝန် Karen Bass တို့၏ ကန့်ကွက်မှုများကို လျစ်လျူရှုကာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်မှုများကို ဆန္ဒပြမှုများကို နှိမ်နင်းရန် Los Angeles သို့ အမျိုးသားကာကွယ်ရေးတပ်အင်အား ၄,၀၀၀ နှင့် မရိန်းတပ်သား ၇၀၀ ကို စေလွှတ်ခဲ့သည်။

Fort Bragg ရှိ တပ်သားများအား ပြောကြားရာတွင် သမ္မတ Trump က ဖက်ဒရယ်ပစ္စည်းများနှင့် တာဝန်ရှိသူများအား ကာကွယ်ရန် တပ်ဖွဲ့ဝင် များစေလွှတ်မှုသည် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တပ်မတော်၏ ဝင်ရောက်စွက်ဖက်မှုမရှိပါက မြို့တော်သည် မီးလောင်ပျက်စီးသွားမည် ဟု ၎င်းက ဆိုခဲ့သည်။

“ထိုအစိုးမရသည့် အခြေအနေကို မိမိတို့အနေဖြင့် ဆက်လက်ခွင့်ပြု၍ မရပါ။ ဖက်ဒရယ်အေးဂျင့်တွေကို ဆက်တိုက်ခိုက်ခွင့်၊ အမေရိကန် မြို့ တစ်မြို့ကို အခြားနိုင်ငံက ရန်သူတွေက ကျူးကျော်သိမ်းပိုက်ခွင့် မည်သည့် အခါမျှ ပေးမည်မဟုတ်ပါ” ဟု သမ္မတ Trump က ပြောကြားခဲ့ပြီး ဆန္ဒပြ သူများကို အမေရိကန်အလံအစား အခြားနိုင်ငံများ၏အလံများကို “ဂုဏ်ယူစွာ သယ်ဆောင်လာသည့်” ရန်လိုသူများအဖြစ် သရုပ်ဖော် ခဲ့သည်။

သမ္မတသည် “ထိုနိုင်ငံခြားရန်သူ” ဆိုသည်မှာ အဘယ်နည်းဟု တိတိကျကျ မဖော်ပြခဲ့သော်လည်း Los Angeles တွင် မက္ကဆီကန် အလံများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများစွာကို ရည်ညွှန်းဟန်ရှိသည်။ အမေရိကန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Los Angeles တွင် လူဦးရေ ၁.၃၅ သန်းကျော်ရှိသည့် ရွှေ့ပြောင်းနေထိုင်သူများအနက် အများစုမှာ မက္ကဆီကန်မျိုးနွယ်ဝင်များဖြစ်သည်။

သမ္မတက Los Angeles ရှိ ဆန္ဒပြမှုများသည် “ထိန်းချုပ်မရနိုင်သော ရွှေ့ပြောင်းနေထိုင်မှု” ကြောင့်ဖြစ်ပြီး ဥရောပတွင် ဖြစ်ပျက်ခဲ့သည် များနှင့် ဆင်တူကြောင်း ပြောကြားခဲ့သည်။ ၎င်းက ထိန်းချုပ်မရသော ရွှေ့ပြောင်းနေထိုင်မှုသည် ကမ္ဘာတစ်ဝှမ်းမည်သည့်နေရာတွင်မဆို ပရမ်း ပတာဖြစ်မှု၊ အုပ်ချုပ်ရေးပျက်ပြားမှုနှင့် စီးပွားရေးကျဆင်းမှုတို့ကို အမြဲဖြစ်ပေါ်စေကြောင်း အတိအလင်းပြောကြားခဲ့သည်။

“ယနေ့ California ရှိ အခြေအနေသည် အခြားနိုင်ငံ၏ အလံများ ကိုင်ဆောင်ထားသော အဓိကရုဏ်းသမားများမှ မိမိတို့၏ငြိမ်းချမ်းရေး၊ ပြည်သူ့အေးချမ်းသာယာရေးနှင့် အမျိုးသားအချုပ်အခြာအာဏာကို ဆက်လက်ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်” ဟု Trump ကကြေညာခဲ့သည်။

North Carolina မှ Washington သို့ပြန်လာစဉ် သမ္မတ Trump က Los Angeles သို့တပ်ဖြန့်ချိမှုသည် ပြဿနာမဖြစ်စေကြောင်း ထပ်လောင်း အတည်ပြုကာ “တပ်မတော်၏ ရှိရင်းစွဲကပင် တင်းမာမှုများကို လျော့ပါးစေမည်” ဟု ပြောကြားခဲ့သည်။

“ငြိမ်းချမ်းမှုကိုသာ မိမိ မြင်လိုပါသည်။ ငြိမ်းချမ်းသွားရင် မိမိတို့ ထွက်သွားမည်။ မငြိမ်းချမ်းသေးရင် ငြိမ်းချမ်းသည့်အထိ မိမိတို့နေမည်။ များများစားစားဖမ်းဆီးခံနေရသည်။ အဆိုပါပြဿနာရှာသူတွေ ဘယ်လို ခေါ်ခေါ်၊ သူတို့နားလည်သင့်တာက အများကြီးဖမ်းခံရမည်၊ ထောင်ဒဏ် ကြာကြာချမည်” ဟု သမ္မတ Trump က ကြေညာခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂