အမေရိကန်က ယူကရိန်းကို ထောက်ပံ့မှုလျှော့ချရန်ရှိနေဟု US ကာကွယ်ရေးဝန်ကြီးပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းနေသည့်အတွက် စစ်ရေးအရ ထောက်ပံ့ မှုများကို လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ပြောကြားလိုက်ပါသည်။
ပင်တဂွန်အကြီးအကဲဖြစ်သူက အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ဘဏ္ဍာရေးရာကော်မတီ၌ အင်္ဂါနေ့ (ဇွန် ၁၀) တွင် အဆိုပါ ကြေညာချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအကြောင်း မေးမြန်းမှု ကို “ယခုဘတ်ဂျက်တွင် လျှော့ချသွားမည်ဖြစ်ပါသည်” ဟု ဟက်ဆက် က ဖြေကြားခဲ့ပါသည်။
လက်ရှိအစိုးရသည် ပဋိပက္ခကို လုံးဝကွဲပြားသည့်ရှုထောင့်မှ သုံးသပ် နေသည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။
ထရမ့်သည် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် အားထုတ်နေပြီး ရုရှားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးတာဝန်စတင် ထမ်းဆောင် ခြင်းနှင့်အတူ ၊ ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ် အစ္စတန်ဘူလ်ညှိနှိုင်းပွဲမှ ယူကရိန်း တစ်ဖက်သတ်ထွက်ခွာသွားပြီးနောက် ပထမဆုံးအကြိမ် မော်စကိုနှင့်ကိယက်ဗ်တို့သည် တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည်စတင် ခဲ့ကြပါသည်။
“ကမ္ဘာတစ်ဝှမ်းမှာ ပြိုင်ဆိုင်မှုတွေ များပြားနေသည့်အချိန်တွင် ညှိနှိုင်း ဖြေရှင်းပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ခြင်းသည် ပဋိပက္ခဖက် နှစ်ဖက် အတွက်ရော၊ အထူးသဖြင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတွက်ပါ အသင့်တော်ဆုံးဖြစ်ပါသည်” ဟု ဟက်ဆက် က ပြောကြားခဲ့ပါသည်။
ထရမ့်အစိုးရသည် “အမေရိကန် ဦးစားပေး” မူဝါဒကို ကျင့်သုံးပြီး ယူကရိန်း အကူအညီ အပါအဝင် နိုင်ငံခြားအကူအညီများကို သိသိသာသာ လျှော့ချ ခဲ့ကာ ပြည်တွင်းပြဿနာများအတွက် ရန်ပုံငွေများကို ပံ့ပိုးပေးသွားမည် ဟု ကတိပြုခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်ဒုတိယသမ္မတ J.D. Vance သည် ၎င်း၏ရှေ့သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ခဲ့သူ Joe Biden အပေါ် ထရမ့်၏ ဝေဖန်မှုများကို ထပ်မံထောက်ခံခဲ့ပြီး ကိယက်ဗ်ကို ထောက်ပံ့ရန် ငွေအမြောက်အမြားကို လက်လွတ်စပယ်သုံးစွဲခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ “၎င်းတို့သည် နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် မကြိုးစားဘဲ ယူကရိန်း ကို ဒေါ်လာ ၃၀၀ ဘီလီယံ ပို့ခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။
ဧပြီလအတွင်းတွင် သမ္မတထရမ့်သည် ယူကရိန်း၏ သတ္တုတွင်းထွက် သယံဇာတများကို အမေရိကန်က ဦးစားပေးအသုံးပြုခွင့်ရရှိစေမည့် အဓိကသဘောတူညီချက်ကို ကိယက်ဗ်နှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းသဘောတူညီချက်သည် Biden အစိုးရလက်ထက်တွင် ယူကရိန်း အတွက်သုံးစွဲခဲ့သည့် ဘီလီယံချီသောဒေါ်လာများကို အမေရိကန်က ပြန်လည်ရယူနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ၎င်းကရှင်းပြခဲ့ ပါသည်။
ယူကရိန်းသမ္မတ Zelensky သည် အမေရိကန်ထောက်ပံ့သည့် လေကြောင်းကာကွယ်ရေးစနစ်များ မကြာခဏချို့ယွင်းနေခြင်းနှင့် မကြာသေးမီ လ များအတွင်း ဝါရှင်တန်၏အကူအညီများ လျော့နည်းလာခြင်းကိုမကျေနပ်စွာဖြင့် မကြာခဏ ပြောဆိုလေ့ရှိပါသည်။ ထို့အပြင် ဘိုင်ဒင် အစိုးရလက်ထက်တွင် ယူကရိန်းအတွက် သတ်မှတ်ထားသည့် ဒရုန်း တိုက်ခိုက်ရေးဒုံးကျည် ၂၀,၀၀၀ ကျော်ကို အရှေ့အလယ်ပိုင်းဒေသကိုလွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင်က လွန်ခဲ့သော သီတင်းပတ်တွင် စွပ်စွဲပြောဆိုခဲ့ပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂