အိန္ဒိယ ရူပီးငွေကြေးသည် ရုရှားတွင် “စုဆောင်းငွေအတွက် ခိုင်မာသော ငွေကြေးတစ်ရပ်” ဖြစ်သည်ဟု Sberbank ဒုတိယဥက္ကဋ္ဌ ဆို

News Image

  • အိန္ဒိယ ရူပီးငွေကြေးသည် ရုရှားတွင် “စုဆောင်းငွေအတွက် ခိုင်မာသော ငွေကြေးတစ်ရပ်” ဖြစ်သည်ဟု Sberbank ဒုတိယဥက္ကဋ္ဌ ဆို

ရုရှား၏ အကြီးဆုံးဘဏ်တစ်ခုမှ အရာရှိကြီးတစ်ဦးက အိန္ဒိယ ရူပီး ငွေကြေး ၏ အခန်းကဏ္ဍ ရုရှားနိုင်ငံတွင် တိုးတက်လာနေကြောင်း ပြောကြားခဲ့ပြီး အင်္ဂါနေ့ (ဇွန် ၁၀) က RT ၏ သီးသန့်အင်တာဗျူးတွင် Sberbank ၏ ဒုတိယဥက္ကဋ္ဌ Aleksandr Vedyakhin က အိန္ဒိယငွေကြေးသည် ၎င်းတို့ ဘဏ်၏ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်း ဖောက်သည်များကြားတွင် ရေပန်းစားနေကြောင်း ဖွင့်ဟခဲ့သည်။

“ရုရှားတွင် Sberbank မှ ရူပီးဖြင့် ငွေလွှဲလုပ်ဆောင်ခွင့်ရှိပါသည်။ မိမိတို့၏ အိန္ဒိယဝန်ထမ်းများစွာလည်း ထိုကဲ့သို့ပြုလုပ်လေ့ရှိပါသည်” “ထို့အပြင် သင်သည် ရူပီးအကောင့်ဖွင့်ခြင်း သို့မဟုတ် အခြားနိုင်ငံခြား ငွေကြေးများကဲ့သို့ပင် အခြားလုပ်ငန်းဆောင်တာများကိုလည်း လုပ်ဆောင်နိုင်ပါသည်” ဟု ၎င်းက ဆိုသည်။

Vedyakhin က ဘဏ်အနေဖြင့် ရူပီးအတွက် အခန်းကဏ္ဍကို တမင်တကာ ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းငွေကြေးကို ရုရှားတွင် စုဆောင်းငွေအတွက် ခိုင်မာသော ငွေကြေး တစ်ရပ်အဖြစ် ရှုမြင်နေသောကြောင့်ဖြစ်သည်ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

ရုရှားနှင့် အိန္ဒိယကြား ငွေပေးချေမှုအများစုသည် Sberbank မှတစ်ဆင့်ဖြစ်ပြီး ၎င်းတို့အနက် အများအပြားသည် နိုင်ငံတကာငွေကြေးများဖြင့် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။ ရုရှားမှ အိန္ဒိယသို့ တင်ပို့မှု၏ ၇၀% အထိ Sberbank မှ ကိုင်တွယ်ပေးနေသည်။

Vedyakhin က အိန္ဒိယတွင် ၂၀၁၀ ခုနှစ်ကစတင်ခဲ့သော Sberbank ၏ လုပ်ငန်းများသည် သိသာစွာ တိုးပွားလာနေကြောင်း မှတ်ချက်ပြုခဲ့သည်။

“အိန္ဒိယသည် ရုရှားအတွက် အလွန်ဖော်ရွေသော စျေးကွက်ဖြစ်သည်” ဟု Vedyakhin က ပြောကြားပြီး မကြာသေးမီက ခရီးစဉ်အတွင်း ဒေလီ နှင့် မွမ်ဘိုင်းမှ မိတ်ဆွေများသည် “မယုံနိုင်လောက်အောင် အပြုသဘော ဆောင်သည်” ကို တွေ့ရှိခဲ့ကြောင်း Vedyakhin က ပြောကြားခဲ့သည်။ ၎င်းတို့က အိန္ဒိယမှာ မိမိတို့ကို လှိုက်လှဲစွာ ကြိုဆိုပါသည်” “အိန္ဒိယနှင့် မိမိတို့၏ စီးပွားရေးက ကောင်းမွန်နေပါသည်” ဟု ၎င်းက ထပ်လောင်း ပြောသည်။ 

Sberbank တွင် ဒေလီနှင့် မွန်ဘိုင်းတို့တွင် ရုံးခွဲများရှိပြီး ဘန်ဂလောရ် တွင် IT စင်တာတစ်ခုလည်းရှိကာ IT ဝန်ထမ်း ၃၀၀ ခန့်အပ်ရန် စီစဉ် ထားသည်။

ယခုအခါတွင် ရူပီးအတွက် တည်ငြိမ်သောဝယ်လိုအားမြင့်မားနေပြီး ရူပီး ငွေကြေးလွှဲပြောင်းမှုများ ချောမွေ့စွာလည်ပတ်နေပြီး ရူပီးငွေပေးချေမှုများတွင် ကော်မရှင်နှုန်းများ သိသိသာသာကျဆင်းသွားခြင်းကြောင့် မိမိ တို့၏ဖောက်သည်များ တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

Sberbank သည် နောင်တွင် ရုရှားလုပ်ငန်းများအား ရူပီးငွေဖြင့် ချေးငွေများကို ရုရှားတွင်ရှိသောအတိုးနှုန်းများထက် သိသိသာသာ လျော့နည်းသော နှုန်းဖြင့် ငွေချေးပေးသည့် ၎င်း၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ကို ထပ်မံတိုးချဲ့လျက်ရှိကြောင်း Reuters ၏ ယခင်က ထုတ်ပြန်ချက်အရ သိရှိရသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့်၊ Sberbank သည် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးဖြင့် ငွေလွှဲပြောင်းမှုများ ပြုလုပ်ရန် ကန့်သတ်ခံထားရပြီး၊ SWIFT စနစ်ကိုလည်း အသုံးပြု၍ အပြည်ပြည် ဆိုင်ရာ ငွေလွှဲမှုများ ပြုလုပ်နိုင်ခြင်း မရှိပေ။

အိန္ဒိယသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်ရန် ငြင်းဆန် ခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ရုရှားရေနံ၏ အကြီးဆုံးဝယ်လက်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် အိန္ဒိယသည် ရုရှားနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂