တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် နယ်စပ်တွင် အသံချဲ့စက်များနှင့် ထုတ်လွှင့်နေသည့် ဝါဒဖြန့်ချိမှုများကို ရပ်ဆိုင်း

News Image

  • တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် နယ်စပ်တွင် အသံချဲ့စက်များနှင့် ထုတ်လွှင့်နေသည့် ဝါဒဖြန့်ချိမှုများကို ရပ်ဆိုင်း

မြောက်ကိုရီးယားဘက်သို့ အသံချဲ့စက်များဖြင့် ဝါဒဖြန့်ချိမှုများ ထုတ်လွှင့် ခြင်းကို တောင်ကိုရီးယားစစ်တပ်က ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ သမ္မတသစ် လီဂျေမြောင် (Lee Jae-myung) က ရွေးကောက်ပွဲအတွင်း ကတိပြုထားသည့်အတိုင်း ဖြစ်သည်။

“အထက်အမိန့်အရ အသံချဲ့ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ပါပြီ” ဟု တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ် (Yonhap) က ဇွန် ၁၁ ရက်တွင် စစ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အသံချဲ့စက်ဖြင့် ဝါဒ ဖြန့်ချိမှုများ ရပ်ဆိုင်းရခြင်းမှာ ကိုရီးယားနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး ကတိကဝတ်ကို လက်တွေ့ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအတွင်း လီဂျေမြောင်က ၎င်း သမ္မတဖြစ်လာပါက မြောက် ကိုရီးယားနှင့် တင်းမာမှုလျှော့ချရန် နယ်စပ်ရှိ ဝါဒဖြန့်ချိမှုများကို ရပ်တန့်မည်ဟု ကတိပြုခဲ့သည်။ သမ္မတရာထူး စတင်ရယူပြီး တစ်ပတ်အတွင်း ထိုကဲ့သို့ လုပ်ဆောင်ချက်ကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကလည်း ဇွန် ၉ ရက် က အရပ်ဘက်အဖွဲ့အစည်းများအား မြောက်ကိုရီးယားဘက်သို့ ကြွေးကျော်စာစောင်များ မပျံ့နှံ့စေရန် တောင်းဆိုခဲ့သည်။ ထိုသို့အစီအမံများသည် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများအတွက် အနှောင့်အယှက်ကင်းသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် ရည်ရွယ်ဟန်ရှိသည်။

မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မြောက်ကိုရီးယားက ပြုံယမ်း အနေဖြင့် တောင်ကိုရီးယားနယ်မြေအတွင်းသို့ အမှိုက်များပါသည့် လေပူဖောင်းများ အကြိမ်ကြိမ်လွှတ်တင်ခဲ့သည်ကို တုန့်ပြန်မှုအဖြစ် တောင်ကိုရီးယားဘက်က နယ်စပ်တွင် အသံချဲ့စက်ဖြင့် ဝါဒဖြန့်ချိမှုများ ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား၏ ဝါဒဖြန့်ချိမှုများတွင် K-Pop တေးဂီတနှင့် ရောစပ် ထားသော ကမ္ဘာ့သတင်းများ ပါဝင်ပြီး မြောက်ကိုရီးယားဘက်သို့ ဦးတည်ထားသည့် အသံချဲ့စက်များစွာဖြင့် ထုတ်လွှင့်လေ့ရှိသည်။ အဆိုပါ အသံချဲ့စက်များမှ အသံသည် မြောက်ကိုရီးယားနယ်မြေအတွင်းသို့ ကီလိုမီတာ ၂၀ ကျော်အထိ ပျံ့နှံ့နိုင်သည်ဟု သိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂