သိပ္ပံပညာရှင်များသည် သမုဒ္ဒရာရေစီးကြောင်းများ၏ အရေးပါသော စနစ်ပျက်စီးပါက ဖြစ်ပေါ်လာမည့်အခြေအနေကို မြေပုံရေးဆွဲခဲ့ပြီး ထိုသို့ ဖြစ်လာပါက ရာသီဥတုအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိမည်ဟုဆို

News Image

  • သိပ္ပံပညာရှင်များသည် သမုဒ္ဒရာရေစီးကြောင်းများ၏ အရေးပါသော စနစ်ပျက်စီးပါက ဖြစ်ပေါ်လာမည့်အခြေအနေကို မြေပုံရေးဆွဲခဲ့ပြီး ထိုသို့ ဖြစ်လာပါက ရာသီဥတုအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိမည်ဟုဆို

အတ္တလန္တိတ်သမုဒ္ဒရာရှိ အရေးပါသော ရေစီးကြောင်း ကွန်ရက် ပျက်စီးပါက ကမ္ဘာ၏အချို့ဒေသများသည် ဆောင်းရာသီတွင် အနုတ် ၅၅ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းကာ ပြင်းထန်သော ရာသီဥတုနှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားသည်။ 

Atlantic Meridional Overturning Circulation (AMOC) သည် တောင်ကမ္ဘာခြမ်းနှင့် အပူပိုင်းဒေသများမှ ရေပူများကို မြောက်ကမ္ဘာခြမ်းသို့ သယ်ဆောင်ပေးပြီး အအေးခံကာ နောက်ဆုံးတွင် တောင်ဘက်သို့ ပြန်စီးသော သဘာဝအလျောက် ရေစီးကြောင်းစနစ်ကြီးဖြစ်သည်။ ယခု အခါ ကမ္ဘာကြီးပူနွေးလာမှုကြောင့် AMOC ၏ အပူနှင့် ဆားငန်မှုညီမျှမှု ပျက်ယွင်းလာကာ အဆိုပါစနစ် အားနည်းလာနေပြီဟု လေ့လာမှုများစွာက ဆိုထားသည်။ အချို့ခန့်မှန်းချက်များအရ ဤရာစုနှစ်အတွင်း AMOC လုံးဝပြိုကျနိုင်ပြီး ၎င်းသည် ဥရောပ၏ သင့်တင့်လျှောက်ပတ်သော ရာသီဥတုကို ထိန်းသိမ်းပေးနေသည့် အဓိကစနစ်ဖြစ်သောကြောင့် ရာသီဥတုပြောင်းလဲမှုများကို ကမ္ဘာတစ်ဝှမ်း ဆိုးရွားစွာ ခံစားရနိုင်သည်။

သို့သော် လူသားများ၏ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကြောင့် ပူနွေးလာသော ကမ္ဘာတွင် AMOC ပြိုကျပါက ရာသီဥတုအပေါ် မည်သို့ သက်ရောက်မည်ကို ယခင်က ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေ။ “AMOC ပြိုကျပြီး ရာသီဥတုပြောင်းလဲမှုနှင့်တွဲဖြစ်ပါက အအေးဒဏ်က ပိုအားကောင်းမည်လား၊ သို့မဟုတ် အပူဒဏ်က ပိုအားကောင်းမည်လား” ဟု နယ်သာလန် နိုင်ငံ Utrecht တက္ကသိုလ်မှ သုတေသီ René van Westen က မေးခွန်း ထုတ်ခဲ့သည်။

၎င်း၏အဖွဲ့သည် Geophysical Research Letters ဂျာနယ်၌ ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဖော်ပြခဲ့သော အဆိုပါလေ့လာမှုတွင် ခေတ်မီပြီး ရှုပ်ထွေးသည့် ရာသီဥတုမော်ဒယ်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုကာ အဆိုပါမေးခွန်းကို ဖြေရှင်းခဲ့သည်။ ရလဒ်များအရ AMOC ပြိုကျပါက ဥရောပတိုက်တွင် အအေးလှိုင်းကြီးများ ကျရောက်လာနိုင်ပြီး ကမ္ဘာ့အခြားဒေသများတွင် အပူချိန် ပိုမိုမြင့်တက်လာမည်ဟု ညွှန်းဆိုထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂