LA တွင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုများကြောင့် ဖြစ်ပွားနေသည့် အဓိကရုဏ်းများသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆက်လက်ဖြစ်ပွားနေ

News Image

  • LA တွင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုများကြောင့် ဖြစ်ပွားနေသည့် အဓိကရုဏ်းများသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆက်လက်ဖြစ်ပွားနေ

လော့စ်အိန်ဂျလိစ်မြို့တွင် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ၏ စစ်ဆေးဖမ်းဆီးမှုများကို ဆန္ဒပြမှုများသည် ညအချိန် ညမထွက်ရအမိန့် ထုတ်ထားခြင်းနှင့် သမ္မတထရမ့်က အမေရိကန်အမျိုးသားအစောင့်တပ် (National Guard) နှင့် ရေတပ်သားများ (Marine) စေလွှတ်ရန် ခွင့်ပြုထားသည့်တိုင် ဆက်လက်ဖြစ်ပွားနေသည်။

လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တရားမဝင် နေထိုင်သူများအား ဖမ်းဆီးမှုများ စတင်ချိန်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် ပါဝင်သူများက မြို့လယ်ခေါင်တွင် ဆက်လက်စုဝေးနေကြောင်း သိရသည်။

ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှုများနှင့်ဆက်စပ်ကာ ဖက်ဒရယ် အေးဂျင့်များက လူများအား ဖမ်းဆီးခဲ့ပြီးနောက် သောကြာနေ့ (ဇွန် ၆) က ဆန္ဒပြမှုများ စတင်ခဲ့သည်။ ထိုဆန္ဒပြမှုများသည် အလျင်အမြန် အဓိကရုဏ်း များ၊ လုယက်မှုများ၊ ပစ္စည်းဖျက်ဆီးမှုများနှင့် ရဲတပ်ဖွဲ့နှင့် ရန်ပွဲများအထိ ပြင်းထန်လာခဲ့သည်။

အွန်လိုင်းတွင် ပျံ့နေသည့် ဗီဒီယိုများတွင် ဆန္ဒပြသူများက ရဲကားများနှင့် အမေရိကန်အလံများကို မီးရှို့ခဲ့ကြပြီး ကားလမ်းများပိတ်ဆို့ကာ ထရမ့်၏ လူဝင်မှုမူဝါဒကို ရှုတ်ချသည့်ဆိုင်းဘုတ်များနှင့် မက္ကဆီကိုအလံများကို ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။ လူပေါင်း ၄၀၀ နီးပါး ဖမ်းဆီးခံရပြီး ဆန္ဒပြသူများစွာနှင့် ရဲများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂