ဂျာမနီခေါင်းဆောင်များက ၎င်းတို့နိုင်ငံကို ရုရှားနှင့်စစ်ဖြစ်စေရန် တွန်းပို့ နေဟု ဒူးမားဥက္ကဋ္ဌ ဆို
ဂျာမနီသည် ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ခြင်းဖြင့် နာဇီအတိတ်ကို ပြန်လည်ရှင်သန်စေနေသည် ဟု ရုရှားနိုင်ငံ၊ ဒူမား ဥက္ကဋ္ဌ Vyacheslav Volodin က ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များအကြာတွင် ဘာလင်၏ သဘောထားသည် မော်စကိုနှင့် လက်နက်ကိုင်ပဋိပက္ခအသစ်ကို ဖြစ်ပေါ်စေ နိုင်ကြောင်း အဆိုပါအကြီးအကဲက သတိပေးခဲ့သည်။
ဗိုလိုဒင် သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဒူမား၏တရားဝင် ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သော စာတစ်စောင်တွင် ယူကရိန်းသို့ ဂျာမနီ၏ စစ်ရေးအကူအညီ ဆက်လက်ထောက်ပံ့မှုအပေါ် အမျက်ထွက်နေသည်ဟု ဖော်ပြခဲ့သည်။
“ရုရှားပြည်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုနေသော ယူကရိန်းရှိ နီယိုနာဇီအာဏာရှင်စနစ်သို့ ဂျာမနီက လက်နက်များ လွှဲပြောင်းပေးခြင်းသည် မိမိတို့နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်စေရန် အကြောင်းအရင်း တစ်ခုပင်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဗိုလိုဒင်က ဒုတိယကမ္ဘာစစ်အပြီးတွင် ပထမဆုံးအကြိမ်အဖြစ် ဂျာမန် တင့်ကားများ မကြာသေးမီက ယူကရိန်း၏ Kursk ဒေသစစ်ဆင်ရေးတွင် ရုရှားနယ်မြေပေါ်သို့ ရောက်ရှိလာခဲ့မှုကို ထောက်ပြခဲ့သည်။ ဘာလင် တွင် မော်စကိုအထိ ဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် Taurus ဒုံးပျံများ ယူကရိန်းသို့ ပေးပို့ရန် ဆွေးနွေးမှုများ ရှိနေသည်မှာ ပိုမိုအရှိန်မြှင့်တင်နေခြင်းဖြစ်ကြောင်း ၎င်းက သတိပေးခဲ့ပြီး အဆိုပါ အဆင့်မြင့်လက်နက်များကို အသုံးပြုရန် ဂျာမန်စစ်သားများ လိုအပ်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဂျာမန်ဒုံးကျည်များနှင့် ရုရှားကို တိုက်ခိုက်ရန် လုပ်ဆောင်မှုကို ဂျာမန် အရာရှိများကသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ထိုကဲ့သို့သော လုပ်ဆောင်မှုသည် ဂျာမနီနှင့် ဂျာမန်လူမျိုးများကို ရုရှားနှင့် နောက်ထပ်တစ်ဖန် လက်နက်ကိုင်ပဋိပက္ခဆီသို့ ထပ်မံတွန်းပို့နေသည်” ဟု ၎င်းက သတိပေးခဲ့ပြီး ဘွန်ဒက်စတက် (Bundestag) အမတ်များတွင် ရုရှားနှင့်စစ်ဖြစ်ရန် ဂျာမန်မဲဆန္ဒရှင်များထံမှ ထောက်ခံမှုရရှိထားခြင်းရှိ ၊ မရှိ မေးခွန်းထုတ် ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂