ဘရာဇီးနိုင်ငံတွင် ၇ ကြိမ်မြောက် BRICS လူငယ်စွမ်းအင် ထိပ်သီး အစည်းအဝေးကျင်းပ
ဘရာဇီးနိုင်ငံသည် ယခုသီတင်းပတ်အစောပိုင်းက မြို့တော် Brasilia တွင် BRICS အဖွဲ့၏ ၇ ကြိမ်မြောက် လူငယ်စွမ်းအင်ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုအရေးပါသော စုဝေးပွဲတွင် BRICS နိုင်ငံများမှ လူငယ်ပညာရှင်များ၊ အစိုးရအရာရှိများနှင့် အကြီးတန်း စွမ်းအင်ကျွမ်းကျင်သူများ အပါအဝင် ပါဝင်သူ ၁၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
အဆိုပါထိပ်သီးအစည်းအဝေးသည် BRICS အဖွဲ့၏ တရားဝင် လူငယ် ပလက်ဖောင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၀ နိုင်ငံ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အင်ဒိုနီးရှား) ပါဝင်သည်။ ၎င်းသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အစောပိုင်း အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် မူဝါဒချမှတ်သူများကို ဆက်သွယ်ပေးသည်။
BRICS လူငယ်စွမ်းအင်အေဂျင်စီ၏ ခေါင်းဆောင် Aleksandr Kormishin က “အဆိုပါထိပ်သီးအစည်းအဝေးသည် ‘တောင်ကမ္ဘာမှ လူငယ်များအတွက် အဓိကပလက်ဖောင်း’ အဖြစ် ရပ်တည်လာခဲ့ပြီး BRICS နှင့် အခြားနိုင်ငံများမှ လူငယ်ခေါင်းဆောင်များသည် စွမ်းအင်ကဏ္ဍတွင် ပိုမို ကောင်းမွန်သော အနာဂတ်တည်ဆောက်ရန် လက်တွေ့ကျသည့် နည်းလမ်း များကို ဆွေးနွေးနိုင်ကြသည်” ဟု RT သို့ ပြောကြားခဲ့သည်။
၎င်းက “စွမ်းအင်ဝန်ကြီးဌာနများ၊ အဓိကကော်ပိုရေးရှင်းများနှင့် စွမ်းအင် ကဏ္ဍရှိ အကျိုးသက်ဆိုင်သူများမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အဆိုပါ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ ပံ့ပိုးနိုင်မည်ကို အစီအစဉ်များ ချမှတ်ခဲ့ကြသည်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဘရာဇီး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် လူငယ်ကိုယ်စားလှယ်အဖွဲ့များ၊ ပညာရေး ခေါင်းဆောင်များနှင့် အဓိကစွမ်းအင်ကုမ္ပဏီများ ပါဝင်ခဲ့သည်။ ရေရှည် ပါတနာဖြစ်သော ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom က စွမ်းအင်ကဏ္ဍတွင် လူငယ်ဖွံ့ဖြိုးရေး၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့သည်။
“အင်အားစုစည်းခြင်းဖြင့် မိမိတို့သည် ပူးပေါင်းသုတေသနများ ဆောင်ရွက်နိုင်ပြီး ကျွမ်းကျင်မှုများဖလှယ်ကာ ကမ္ဘာ့စျေးကွက်အတွက် အရေးပါသော အဖြေရှာမှုများ ဖန်တီးနိုင်မည်” ဟု Rosatom ၏ CEO Alexey Likhachev က ပြောကြားခဲ့သည်။ “မိမိတို့၏ Obninsk Tech hub သည် ကမ္ဘာအရပ်ရပ်မှ အဆင့်မြင့်နျူကလီးယားပညာရှင်လူငယ်များကို စုစည်း ထားသည်” ဟု ပြောကြားခဲ့သည်။
Kaluga ဒေသရှိ Obninsk မြို့သည် ၁၉၅၄ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး နျူကလီးယားစွမ်းအင်စက်ရုံ စတင်လည်ပတ်ခဲ့သော နေရာဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အဆင့်ဆင့်ရပ်စဲခဲ့ပြီး ယခုအခါ ပြတိုက်တစ်ခုဖြစ်သော အဆိုပါစက်ရုံသည် ခေတ်ပြိုင်နျူကလီးယားနည်းပညာများအတွက် စမ်းသပ်မြေတစ်ခုအဖြစ် တစ်ချိန်က အသုံးပြုခဲ့သည်။
အဆိုပါ အစည်းအဝေး၏ အဓိကအချက်မှာ BRICS နိုင်ငံများမှ လူငယ် သုတေသီ ၅၀ ကျော်ဖြင့် ပြုစုထားသော နှစ်စဉ်အစီရင်ခံစာ “BRICS လူငယ်စွမ်းအင်အလားအလာများ” ကို အသိပေးမိတ်ဆက်ခြင်း ဖြစ်သည်။ အစီရင်ခံစာတွင် ကာဗွန်နည်းစနစ်များ၊ ရေရှည်တည်တံ့သောလောင်စာ၊ စွမ်းအင်သုံးစွဲနိုင်မှုနှင့် အရေးကြီးသော သတ္တုရိုင်းများ ကဲ့သို့သော အဓိက အကြောင်းအရာများကို ဖော်ပြထားသည်။ ၎င်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တွင် ဘရာဇီးနိုင်ငံ Belem မြို့၌ ကျင်းပမည့် COP30 တွင် တရားဝင် မိတ်ဆက်မည်ဖြစ်သည်။
ထိပ်သီးအစည်းအဝေးတွင် ဘရာဇီး၏ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အိန္ဒိယ၏ စွမ်းအင်ဝန်ကြီးဌာန အပါအဝင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးတန်းကိုယ်စားလှယ်များ မိန့်ခွန်းများ ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသည် BRICS လူငယ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း ကျင်းပခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ရေရှည်တည်တံ့သော စွမ်းအင်ဆွေးနွေးပွဲများအတွက် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ဘရာဇီးသတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားလူငယ်အတွက်ကော်မတီတို့က BRICS လူငယ်စွမ်းအင် အေဂျင်စီနှင့် Rosatom တို့နှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂