အီရန်၏ အဓိက ယူရေနီယမ်သန့်စင်ရေးစက်ရုံ မီးလောင်ကျွမ်း

News Image

  • အီရန်၏ အဓိက ယူရေနီယမ်သန့်စင်ရေးစက်ရုံ မီးလောင်ကျွမ်း

CNN နှင့် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားတို့မှ လူမှုကွန်ရက်ပေါ်ရှိ ဓာတ်ပုံ များကို တည်နေရာသတ်မှတ်စစ်ဆေးပြီးနောက် အီရန်၏ အဏုမြူစွမ်းအင် ရယူရေး မဟာဗျူဟာတွင် အဓိက အခန်းကဏ္ဍမှပါဝင်နေသော စက်ရုံကြီးတစ်ခုသည် သောကြာနေ့ (ဇွန် ၁၃) နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

နာတန်းဇ်မြို့ရှိ အဏုမြူစက်ရုံကြီး (မြို့တော် တီဟီရန်မှ တောင်ဘက် ကီလိုမီတာ ၂၅၀ အကွာ) သည် အီရန်၏ အကြီးဆုံး ယူရေနီယမ် သန့်စင်ရေးစက်ရုံဖြစ်ပြီး နိုင်ငံ၏ အဆင့်မြင့် အဏုမြူစီမံကိန်းများ လည်ပတ်ရာ နေရာလည်းဖြစ်သည်။ ကျွမ်းကျင်သူများက အဆိုပါ စက်ရုံ တွင် ယူရေနီယမ်ကို အဏုမြူလောင်စာအဖြစ် ပြောင်းလဲရန် အဓိက နည်းပညာဖြစ်သော စင်ထရီဖျူဂျ်များ (centrifuges) (အကြမ်းဖျဉ်းအားဖြင့် သိပ်သည်းဆ မတူညီသော ဒြပ်စင်များကိုခွဲထုတ်ရာတွင် အသုံးပြုသော ကိရိယာ) ကို တိုးချဲ့တည်ဆောက်နေသည်ဟု သုံးသပ်ထားသည်။

CNN မှ အတည်ပြုထားသော လူမှုမီဒီယာ ဗီဒီယိုတွင် စက်ရုံဘက်မှ မီးခိုး များ ထွက်နေသည်ကို တွေ့ရသည်။ အီရန် Press TV ၏ ဗီဒီယိုတွင်လည်း စက်ရုံဧရိယာမှ မီးခိုးထုများ ထူထပ်စွာ မြင့်တက်နေပုံကို ရိုက်ကူး ထားသည်။ NASA ၏ မီးလောင်မှု စောင့်ကြည့်ရေး ဒေတာအရ ဒေသ စံတော်ချိန် နံနက် ၂ နာရီကျော်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။

အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်အစိုးရက လတ်တလောတွင် မှတ်ချက်မပြုသေးပေ။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်တွင် နာတန်းဇ် စက်ရုံ ၌ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ဖူးပြီး အီရန်အစိုးရအနေဖြင့် မီးစတင် လောင်ကျွမ်းသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။ အဆိုပါဖြစ်စဉ်သည် ထိုကာလအတွင်း အီရန်နိုင်ငံတစ်ဝှမ်း ဖြစ်ပွား ခဲ့သော ထူးဆန်းသည့် ဖြစ်စဉ်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ယခုဖြစ်ရပ်များသည် ၂၀၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ များ သဘောတူခဲ့သည့် အဏုမြူသဘောတူညီချက်ထက် ပိုမိုမြင့်မားသော ပမာဏနှင့် ယူရေနီယမ် ထပ်တိုးသန့်စင်မည်ဟု အီရန်ကကြေညာပြီး တစ်နှစ်ခန့်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီရန်အနေဖြင့် ထိုသို့ ပြုလုပ်ရခြင်းမှာ ထရမ့်အစိုးရက အဆိုပါသဘောတူညီချက်မှ နုတ်ထွက် ခဲ့သည့်အတွက် ၎င်း၏တုံ့ပြန်မှုတစ်ရပ်လည်းဖြစ်သည်။

ကိုးကား- CNN

Photo: NBC News

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂