ပါကစ္စတန်က အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် မွတ်စလင် နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန် တောင်းဆို

News Image

  • ပါကစ္စတန်က အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်အတွက် မွတ်စလင် နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန် တောင်းဆို

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Asif က အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် နျူကလီးယားစက်ရုံများကို အစ္စရေးက ဝင်ရောက် တိုက်ခိုက်မှုအပြီး မွတ်စလင်နိုင်ငံများအား စည်းလုံးညီညွတ်စွာ ရပ်တည်ရန်တိုက်တွန်းလိုက်သည်။ ၎င်းကပူးပေါင်းဆောင်ရွက်မှု မရှိပါက အရှေ့ အလယ်ပိုင်း ဒေသတစ်ခုလုံးတွင် ထပ်မံတိုက်ခိုက်မှုများကို အားပေးရာ ရောက်ကြောင်း သတိပေးခဲ့သည်။

စနေနေ့ (ဇွန် ၁၄) က အမျိုးသားလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် အာဆစ်က အစ္စရေးသည် တစ်ဦးတည်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ သတင်းထောက်လှမ်းရေး၊ အကာအကွယ်နှင့် အထောက်အပံ့များ ရရှိထားကြောင်း ပြောကြားခဲ့သည်။ မွတ်စလင်ကမ္ဘာသည် စစ်ရေးအရ အားနည်းနေဆဲဖြစ်ပြီး ပူးပေါင်းတုံ့ပြန်မှုတစ်ရပ် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ခဲ့သည်။

“ယနေ့ အစ္စရေးက ယီမင်၊ အီရန်နှင့် ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားသကဲ့သို့ အကယ်၍ မွတ်စလင်ကမ္ဘာက စည်းလုံးညီညွတ်စွာ မရပ်တည်ဘဲ မိမိတို့၏ အကျိုးစီးပွားနှင့် ရည်မှန်းချက်များကိုသာ ဦးစားပေးနေမည်ဆိုပါက တစ်ချိန်တွင်မိမိနိုင်ငံ အလှည့်ကျလာမည်” ဟု ၎င်းက လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

အာဆစ်က အစ္စရေးကို ရင်ဆိုင်ရန် နည်းဗျူဟာရေးဆွဲရန်အတွက် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကို အရေးတကြီး အစည်းအဝေးခေါ်ယူရန် တောင်းဆိုခဲ့သည်။ “မွတ်စလင်ကမ္ဘာတွင် အစ္စရေးနှင့်သံတမန်ဆက်ဆံရေးရှိသမျှကို ဖြတ်တောက်သင့်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့သည် အီရန်နိုင်ငံကို နောက်ကွယ်မှ ရပ်တည်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတကာဖိုရမ်တိုင်းတွင် ပံ့ပိုးကူညီသွားမည်” ဟု ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂