ထရမ့်က အီရန်-အစ္စရေး ပဋိပက္ခ ဖျန်ဖြေရေးတွင် ပူတင်အား စေ့စပ် ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရန် သဘောတူညီ

News Image

  • ထရမ့်က အီရန်-အစ္စရေး ပဋိပက္ခ ဖျန်ဖြေရေးတွင် ပူတင်အား စေ့စပ် ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရန် သဘောတူညီ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် အစ္စရေး-အီရန် ပဋိပက္ခတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခွင့်ပြုရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း တစ်နာရီကြာ ဖုန်းဆက် ပြောဆိုမှုတွင် ခေါင်းဆောင်နှစ်ဦးသည် အရှေ့အလယ်ပိုင်း အကျပ်အတည်း ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

“ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေထက် အဆိုပါကိစ္စကို ပိုပြီး ဆွေးနွေးခဲ့ကြကြောင်း၊ ပူတင် စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်ဖို့ မိမိ အနေဖြင့် သဘောတူပါကြောင်း၊ ဒါသည် အဖြေရှာဖို့ ဖြစ်လာမည်ဟု မိမိယုံကြည်ပါကြောင်း” ဟု ထရမ့်က ABC News သတင်းထောက် Rachel Scott အား ပူတင်၏ စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်နိုင်ခြေနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့သည်။

ဖုန်းစကားပြောဆိုပြီးနောက် ကရင်မလင်က ပူတင်သည် အစ္စရေး၏ အီရန်ကို တိုက်ခိုက်မှုကို ရှုတ်ချကြောင်း၊ နောက်ထပ် အရှိန်မြှင့်တင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှားအနေဖြင့် ညှိနှိုင်းမှုများကို အထောက်အကူပြုရန် အဆင်သင့်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်-အီရန် နျူကလီးယား ညှိနှိုင်းမှုများတွင် အပြန်အလှန် လက်ခံနိုင်သော သဘောတူညီချက်များ ရရှိရန် မော်စကိုမှ ယခင်က တင်ပြခဲ့သည့် လက်တွေ့ကျသော အဆိုပြု ချက်များကို ပြန်လည်အမှတ်ရမိကြောင်း သမ္မတ၏ အကြံပေး Yuri Ushakov က ဖွင့်ဟခဲ့သည်။

“အဆိုပါ ပြဿနာကို ဖြေရှင်းရန် ရုရှား၏ အခြေခံမူဆိုင်ရာ ရပ်တည်ချက်နှင့် ကတိကဝတ်မှာ မပြောင်းလဲပါ” “သမ္မတ ပူတင် အလေးထား ပြောကြားခဲ့သလိုပဲ မိမိတို့သည် သင့်တော်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု Ushakov က ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများနောက်ပိုင်း အိုမန် က ကြားဝင် ညှိနှိုင်းပေးသည့် အီရန်-အမေရိကန် နျူကလီးယား ဆွေးနွေးပွဲများ ဖျက်သိမ်းခဲ့သော်လည်း ထရမ့်က ဆွေးနွေးမှုများ ဆက်လက်ရှိနေကြောင်း ပြောကြားခဲ့သည်။ “၎င်းတို့က သဘောတူညီချက်တစ်ခု ရချင်နေကြပါသည်” အဆိုပါ အရှိန်မြှင့်တင်မှုများက သံတမန်ရေးလမ်းကြောင်းကို ပိုမိုအားကောင်းစေနိုင်ကြောင်း” အရိပ်အမြွက်ဖော်ပြခဲ့သည်။

အဆိုပါပဋိပက္ခတွင် အမေရိကန်၏ ပါဝင်နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ထရမ့်က “မိမိတို့အနေဖြင့် ယခုကိစ္စမှာ ပါဝင်နေခြင်း မရှိသော်လည်း နောက်ပိုင်းတွင် ပါဝင်လာနိုင်ပါသည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂