ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဝင်ရောက်ဖျန်ဖြေရန် တောင်းဆို

News Image

  • ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဝင်ရောက်ဖျန်ဖြေရန် တောင်းဆို

ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွား နေသော ဒေသ (၄) ခုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ တရားဝင်အဆိုပြုလွှာ တင်သွင်းကာ ဖျန်ဖြေရေးတောင်းဆိုလိုက်သည်။

“ကမ္ဘောဒီးယားသည် နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာဥပဒေအပေါ်အခြေခံသည့် ငြိမ်းချမ်းသောနည်းလမ်းကို ရွေးချယ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်ယန္တရားကို အသုံးပြုမည်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက် က ဇွန် ၁၅ ရက်က ဖေ့စ်ဘွတ် တွင် ကြေညာခဲ့သည်။ ၎င်းနှင့်အတူ တာမွမ်းသုံ၊ တာမွမ်းတော့်၊ တာကရ ဘေးနှင့် မွမ်းဘေးအပါအဝင် ဒေသ (၄) ခုရှိ နယ်နိမိတ်အငြင်းပွားမှုများ အတွက် ICJ မှ ဖြန်ဖြေပေးရန် တောင်းဆိုသည့် လုပ်ငန်းစဉ်ကို စတင် လိုက်ခြင်းဖြစ်သည်။

နယ်နိမိတ်အငြင်းပွားမှုအတွက် ICJ သို့ တင်သွင်းသည့် အဆိုပြုလွှာကို ဇွန် ၁၆ ရက်တွင် နယ်သာလန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး က The Hague ရှိ ICJ ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်” ကမ္ဘောဒီးယား လိုချင်သည်က အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သတ်မှတ်ရာတွင်တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုသာဖြစ်ပြီး နောင်လာ နောက်သားများ ဤအချင်းအရာများတွင် မပတ်သက်စေရန်ပင်” ဟု ဟွန်မနက်က ပြောကြားခဲ့သည်။

ဟွန်မနက်က “လွန်ခဲ့သော နှစ် ၆၃ က ဇွန် ၁၅၊ ၁၉၆၂ ခုနှစ်တုန်းက ICJ ကနေ ပရာ့ဗီဟီးယားဘုရားကျောင်းသည် ကမ္ဘောဒီးယား နိုင်ငံပိုင်ဆိုင်ကြောင်း “သမိုင်းဝင်ဆုံးဖြတ်ချက်” ချမှတ်ပေးခဲ့ဖူးသည်” ဟု ထောက်ပြ ပြောဆို ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်နှစ်ခုကြား နှစ် ၆၀ ကျော်ကွာခြားသော်လည်း ကမ္ဘောဒီးယား၏ ရည်မှန်းချက်နှင့် ခံယူချက်ကတော့ ဘယ်တော့မှ မပြောင်းလဲပါ” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ဇွန် ၁၆ က ထုတ်ပြန်သော တုံ့ပြန်ချက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၏ စာချုပ်နှင့်ဥပဒေရေးရာဌာန (DTLA) ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဘန်ဂျမင် ဆူကန်ဂျာနာဂျီက “ထိုင်းနိုင်ငံသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကမ္ဘောဒီးယား သို့မဟုတ် ICJ ထံမှ တရားဝင် အကြောင်းကြားချက် မရရှိသေးသဖြင့် ကမ္ဘောဒီးယား၏အဆိုပြုလွှာ၏ ဥပဒေ အခြေခံ သို့မဟုတ် အကြောင်းအရာကို နားလည်နိုင်ခြင်းမရှိသေးကြောင်း” ပြောကြားခဲ့သည်။ DTLA သည် အဆိုပါအမှုကို လေ့လာရန်နှင့် လိုအပ်ပါက ခုခံချေပရန် အပြည်ပြည်ဆိုင်ရာဥပဒေအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားသည်။ သို့သော် မစ္စတာ ဘန်ဂျမင်က ၁၉၆၀ ပြည့်နှစ်ကတည်းက ထိုင်းနိုင်ငံသည် ICJ ၏ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း ထောက်ပြခဲ့သည်။ ၎င်းက “ICJ သည် နှစ်နိုင်ငံစလုံးက တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို အသိ အမှတ်ပြုမှသာ နယ်နိမိတ်အငြင်းပွားမှုများကို ဆုံးဖြတ်နိုင်သည်”ဟု အတိအလင်း ပြောကြားခဲ့သည်။

မစ္စတာ ဘန်ဂျမင်က ထပ်လောင်းပြောကြားရာတွင် ၂၀၀၀ ပြည့်နှစ်က ထိုင်းနှင့်ကမ္ဘောဒီးယားတို့ လက်မှတ်ရေးထိုးခဲ့သော MOU 43 တွင် နှစ်နိုင်ငံသည် နယ်နိမိတ်ပြဿနာကို တစ်ဖက်သတ်ဥပဒေရေးရာလုပ်ဆောင်ချက်များဖြင့် မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်း ရမည်ဟု အလေးအနက်ထားဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ICJ မှ အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုသေးပါ။ 

ဖနွမ်းပင်၏ အဆိုပါတရားရေးလုပ်ငန်းစဉ်ကို ဇွန် ၁၄-၁၅ ရက်က ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော နယ်နိမိတ်ပူးတွဲကော်မရှင် (JBC) ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးပြီးဆုံးပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဘန်ကောက်မြို့တွင် နောက်ဆုံးကျင်းပခဲ့ပြီးနောက် ၁၂ နှစ်ကြာ ရပ်နားထားပြီး ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။

ကမ္ဘောဒီးယား နယ်စပ်ရေးရာဝန်ကြီးဌာန အတွင်းဝန် လမ်ချီးယားက နှစ်နိုင်ငံသည် အငြင်းပွားနေသော ဒေသ ၄ ခုလုံးကို တရားမျှတ၍ ရည်ရွယ်ချက်ရှိရှိနှင့် ရေရှည်တည်တံ့သော ဆုံးဖြတ်ချက်ရရှိရန် ICJ သို့ ပူးတွဲတင်သွင်းရန် အဆိုပြုခဲ့သည်။ ၎င်းက “ထိုင်းနိုင်ငံသည် ICJ ၏ တရားစီရင်ပိုင်ခွင့်ကို ဆက်လက်ငြင်းဆန်ပါက ကမ္ဘောဒီးယားတွင် တစ်ဖက်သတ်လုပ်ငန်းစဉ်စတင်ရန် အခွင့်အရေးရှိသည်” ဟု ပြောကြား ခဲ့သည်။

ဇွန် ၁၃ ရက်က ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်က ကမ္ဘောဒီးယားသည် အငြင်းပွားမှုများကို ထိုင်းနှင့်ရင်ဆိုင်ရန် လက်နက်ကိုင်ဖြေရှင်းမှုများဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းသော နည်းလမ်းများနှင့် ဥပဒေနည်းလမ်းတကျ ဖြေရှင်းရန် ကြိုးပမ်းမှုများကို အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို တောင်းခံကြောင်း အတည်ပြု ပြောကြားခဲ့သည်။ 

ဇွန် ၁၆ ရက် ထုတ်ပြန်ချက်တွင် မစ္စတာဟွန်ဆန်က အိမ်နီးချင်း နိုင်ငံသည် ယနေ့ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက ထိုင်းမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ တင်သွင်းမှုအားလုံးကို တားမြစ်မည် ဟု နောက်တစ်ကြိမ် သတိပေးခဲ့သည်။ ၎င်းက ဝန်ကြီးချုပ် ဟွန်မနက်က ထိုင်းဝန်ကြီးချုပ်ထံ အဆိုပါအစီအမံကို အသိပေးပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မစ္စတာဟွန်ဆန်က ကမ္ဘောဒီးယားသည် အငြင်းပွားမှုကို ICJ သို့ ဆောင်ရွက်ရခြင်း၏ အကြောင်းရင်းမှာ ငြိမ်းချမ်းသောဖြေရှင်းနည်းကို ရှာဖွေရန်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နှစ်နိုင်ငံသည် အငြင်းပွားနေသော ဒေသ ၄ ခုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူညီချက် ရရှိရန် ခက်ခဲနေသောကြောင့်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအား ICJ တွင် ပူးတွဲတင်သွင်းရန် မကြာခဏ တောင်းဆိုခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားမှုများသည် ၂၀ ရာစုအစောပိုင်း ပြင်သစ်ကိုလိုနီခေတ် အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ကီလိုမီတာ ၈၀၀ ရှည်လျားသော နယ်နိမိတ်မျဉ်းသတ်မှတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။၁၉၆၂ ခုနှစ်တွင် ICJ က ပရီဗီဟီးယားဘုရားကျောင်းသည် ကမ္ဘောဒီးယား ပိုင်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ICJ က ဘုရားကျောင်း အနီးရှိ နယ်မြေကို ကမ္ဘောဒီးယားသို့ ပေးအပ်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံ က တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို ငြင်းဆန်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစ၍ နှစ်နိုင်ငံအကြား ပဋိပက္ခများတွင် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂