ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

News Image

  • ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့သည် ဇွန် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် “အကျိုးရှိကြောင်း” Yuri Ushakov က ဆိုသည်။ ပူတင်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်းချင်း လဲလှယ်မှုအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ဇွန် ၂၂ ရက်ပြီးနောက် ယူကရိန်းနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းလိုကြောင်း အတည်ပြုခဲ့သည်။ ပူတင်က အီရန်အပေါ် အစ္စရေး၏ စစ်ရေး လှုပ်ရှားမှု ကိုရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအတွက် စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ပြောကြားခဲ့သည်။

ထရမ့်က အစ္စရေးနှင့် အီရန်တို့၏ အခြေအနေသည် “အလွန်အမင်း စိုးရိမ်ပူပန်စေ”ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုသည် “ထိရောက်မှုရှိ” ကြောင်း၊ အမေရိကန် ဆွေးနွေး ညှိနှိုင်းရေးကိုယ်စားလှယ်အနေဖြင့် အီရန်နှင့်အတူ အီရန်နျူကလီးယားအရေး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။ ထရမ့်က ယူကရိန်း အကျပ် အတည်းအား ဆောလျင်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးရာတွင် နှစ်နိုင်ငံက ဒုတိယကမ္ဘာစစ်ကာလအတွင်း ရဲဘော်ရဲဘက် သံယောဇဉ်အကြောင်းပြောကြားခဲ့ပြီး အပြန်အလှန်၏ “အပြုသဘောဆောင်သော ပုဂ္ဂိုလ်ရေး ဆက်ဆံမှု” အပေါ် ကျေနပ်မှုရှိကြကြောင်း ပြောကြားခဲ့သည်ဟု Yuri Ushakov က ဆိုသည်။ 

ကိုးကား - Xinhua