အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်တစ်ခုမှ ၆ မိုင်ကျော်အထိ ပြာမှုန်များကို ထုတ်လွှတ်လိုက်ပြီး ဘာလီကျွန်း ခရီးစဉ်များစွာကို ဖျက်သိမ်း
အင်ဒိုနီးရှားရှိ မီးတောင်ပေါက်ကွဲမှုတစ်ခုကြောင့် ၆ မိုင် ကျော်အထိ မီးတောင်ပြာမှုန်များ ပျံ့လွင့်လာပြီး ခရီးသွားဧည့်သည်များစွာ လာရောက် လည်ပတ်လေ့ရှိသော ဘာလီကျွန်းသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ် များစွာ ရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ လုပ်ဆောင်ခဲ့ရသည်။
အင်ဒိုနီးရှား၏ ဘူမိဗေဒအေဂျင်စီ (Geology Agency) မှ ထုတ်ပြန်ချက် အရ မောင့်လီဝိုတိုဘီ လာကီ လာကီ (Mount Lewotobi Laki Laki) မီးတောင်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (ဇွန် ၁၇) ညနေ ၅:၃၅ နာရီ တွင် ပေါက်ကွဲခဲ့ပြီး အင်ဒိုနီးရှား တောင်-အလယ်ပိုင်းရှိ ခရီးသွားကျွန်း ဖလိုရက်စ် (Flores) အပေါ်သို့ ၁၁ ကီလိုမီတာ (၆.၈ မိုင်) ရှည်လျားသော ပြာမှုန်များ ပျံ့လွင့်လာခဲ့သည်။
မီဒီယာများတွင်ဖော်ပြထားသည့် မှတ်တမ်းများတွင် လိမ္မော်ရောင် မှိုပုံ သဏ္ဍာန် တိမ်တိုက်များသည် အနီးရှိ တာလီဘူရာ (Talibura) ကျေးရွာ ကို ဖုံးလွှမ်းသွားသည်ကိုတွေ့ရပြီး ၉၃ မိုင် (ကီလိုမီတာ ၁၅၀) အကွာ အဝေးမှ မြင်တွေ့ရကြောင်း အစီရင်ခံစာများအရ သိရှိရသည်။
အာဏာပိုင်များက အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ခရီးသွား များကို ဝေးဝေးတွင်ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။ ဒန်ပါဆား အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝက်ဘ်ဆိုက်တွင် ဘာလီတွင် လေယာဉ်ခရီးစဉ်ပေါင်း များစွာ ယာယီရပ်ဆိုင်းထားပြီး “မီးတောင်ပေါက်ကွဲမှုကြောင့်” ဟု ဖော်ပြ ထားသည်။
ပျံသန်းမှုများ ရပ်ဆိုင်းထားရသည့် လေယာဉ်ခရီးစဉ်များတွင် ပြည်တွင်း ခရီးစဉ်ဖြစ်သော ဂျကာတာ၊ လွန်ဘောက် တို့အပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ နယူးဇီလန် နှင့် စင်ကာပူ နိုင်ငံတကာ ခရီးစဉ်များလည်း ပါဝင်သည်။
ကိုးကား- CNN
Photo: AccuWeather
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂