အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ သောက်သုံးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေမြင့်လာနိုင်
နယူးယောက် ဇွန် ၁၉
အယ်လ်ကိုဟောပါဝင်ခြင်းမရှိသည့် ဘီယာများသောက်သုံးမှုကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အမေရိကန်နှင့် ဂျာမနီသိပ္ပံပညာရှင်များ၏ အဆိုအရ အယ်လ်ကိုဟော ပါဝင်ခြင်းမရှိသည့် ဘီယာကို တစ်ရက်လျှင် နှစ်ဘူးထိ သောက်သုံးပါက သွေးတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်လာတတ်ပြီး ပုံစံ-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် အယ်လ်ကိုဟောပါဝင်ခြင်းမရှိသော ဘီယာများကြောင့် နှလုံးရောဂါနှင့် ဆက်စပ်နေသော ကိုယ်တွင်း အဆီဓာတ်များဖြစ်ကြသည့် ကိုလက်စထရောနှင့် ထရိုင်ဂလီဆားရိုက်တို့ သွေးအတွင်း ပါဝင်မှုအဆင့် မြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။
ထိုနည်းတူ အယ်လ်ကိုဟော ပါဝင်မှုမရှိသည့် ဘီယာများမှာ ကယ်လိုရီပါဝင်မှုအဆင့် မြင့်မားနေသည်ဖြစ်ရာ ၎င်းဘီယာအမျိုးအစားများကြောင့် အဝလွန်နိုင်ခြေ မြင့်တက်လာနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
ဂျာမနီနှင့် အမေရိကန်သုတေသနပညာရှင်များသည် အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ ပုံမှန်သောက်သုံးသည့် လူငယ်အမျိုးသား ၄၄ ဦးတို့ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား : ရတနာပုံသတင်းစာ
Photo: SportsChosun