ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်
မက်ဒရစ် ဇွန် ၁၉
ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်း တိုးစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကို ထိပ်တန်းလူငယ်ကစားသမားအများစုနှင့်စုဖွဲ့ပြီး ကြယ်စင်စုအသင်းတစ်သင်းအဖြစ် တည်ဆောက်လျက်ရှိပြီး ထိပ်တန်းလူငယ်ကစားသမားအများစုကို ခေါ်ယူထားကာ အသင်းမှ ထိပ်တန်းလူငယ်ကစားသမားများကိုလည်း ကာလရှည်စာချုပ်ချုပ်ဆိုပြီး ထိန်းထား သကဲ့သို့ ယခုအခါတွင်လည်း ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်းတွင် ထိန်းထားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဘရာဟမ်ဒီယက်ဇ်သည် မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း အသင်းတွင် ပွဲအနည်းငယ်သာပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
ဘရာဟမ်ဒီယက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားအစပိုင်းက ပွဲကစားခွင့်အနည်းငယ်သာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က အငှားစာချုပ်ဖြင့် အေစီမီလန်အသင်းထံပြောင်းရွှေ့ကစားခဲ့ကာ အေစီမီလန်အသင်းတွင် အငှားစာချုပ်ဖြင့် သုံးရာသီကစားခဲ့ရာ ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက်၂၀၂၃ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဘရာဟမ်ဒီယက်ဇ်သည် အသင်းနှင့်ပြန်လည် ပူးပေါင်းပြီးနောက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း သိရသည်။
Ref : Fabrizio Romano
MWD Daily Newspaper