ဗြိတိန် F-35B ကိုယ်ပျောက်တိုက်လေယာဉ် အိန္ဒိယတောင်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ဆက်လက် မပျံသန်းနိုင်

News Image

  • ဗြိတိန် F-35B ကိုယ်ပျောက်တိုက်လေယာဉ် အိန္ဒိယတောင်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ဆက်လက် မပျံသန်းနိုင်

ဗြိတိန်တပ်မတော်၏ F-35B Lightning II ကိုယ်ပျောက်တိုက်လေယာဉ် တစ်စီးသည် စနေနေ့ (ဇွန် ၁၄) က အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Thiruvananthapuram လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ယခုအချိန်ထိ လေယာဉ် ပြေးလမ်းပေါ်တွင် ရပ်နားထားရသည်ဟု သတင်းများအရ သိရသည်။ ဒေသခံသတင်းများအရ ထိုလေယာဉ်သည် နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပျံသန်းနိုင်ခြင်းမရှိသေးဘဲ ဗြိတိန်လေယာဉ်ပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

အဆိုပါ F-35B လေယာဉ်သည် HMS Prince of Wales လေယာဉ်တင် သင်္ဘော၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယရေတပ် နှင့် ပူးတွဲလေ့ကျင့်မှု များ ပြုလုပ်ပြီးနောက် အင်ဒို-ပစိဖိတ်ဒေသတွင် လှုပ်ရှားလျက်ရှိသည်။ Lockheed Martin က ဒီဇိုင်းရေးဆွဲထားသော F-35B သည် လေယာဉ် တင်သင်္ဘောများတွင် အသုံးပြုရန်သင့်လျော်သော ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် တိုက်လေယာဉ်အမျိုးအစားဖြစ်သည်။

NDTV ၏ သတင်းအရ စနေနေ့ညက ထိုလေယာဉ်သည် လောင်စာဆီ နည်းပါးမှုကြောင့် Thiruvananthapuram လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့်လည်း ၎င်း၏လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်မဆင်းသက်နိုင်ဘဲ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

အိန္ဒိလေတပ် (IAF) သည် ၎င်း၏ ရေဒါကွန်ရက်များဖြင့် အကူအညီပေးကာ လေကြောင်းထိန်းသိမ်းရေးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ဘေးကင်းစွာ ဆင်းသက်နိုင်ရန် ထောက်ပံ့ပေးခဲ့သည်ဟု The Times of India က ဖော်ပြသည်။

တနင်္လာနေ့က ဗြိတိန်ဘုရင့်ရေတပ် (Royal Navy) ၏ ရဟတ်ယာဉ် တစ်စင်းသည် Thiruvananthapuram လေဆိပ်သို့ ရောက်ရှိလာကာ F-35B လေယာဉ်မှူးအား လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါဖြစ်စဉ်က F-35B ပြန်လည်အသုံးပြုနိုင်ရန် အချိန် အနည်းငယ် နောက်ကျနိုင်ကြောင်း ညွှန်းဆိုနေသည်။ 

အိန္ဒိလေတပ် (IAF) က အဆိုပါအရေးပေါ်ဆင်းသက်မှုသည် ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုအခြေအနေကို ကူညီဖြေရှင်း နိုင်ရန် နည်းပညာဆိုင်ရာနှင့် လက်တွေ့အထောက်အပံ့များ ပေးနေကြောင်း ဖြည့်စွက်ထုတ်ဖော်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂