အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်မည်ဆိုပါက ရေဒီယိုသတ္တိ ကြွမှု အနည်းငယ်သာ ယိုစိမ့်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆို

News Image

  • အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်မည်ဆိုပါက ရေဒီယိုသတ္တိ ကြွမှု အနည်းငယ်သာ ယိုစိမ့်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆို

ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်က အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်ပျက်စီးစေပါက ချက်ချင်း သက်ရောက်မည့် ဧရိယာအတွင်း ရေဒီယိုသတ္တိကြွမှု အနည်းငယ်ယိုစိမ့်နိုင်သော်လည်း အဏုမြူဓာတ်ပေါင်းဖိုတစ်ခုကို ဗုံးကြဲခြင်းကဲ့သို့ ကြီးမားသည့် အကျိုးဆက်မျိုး ဖြစ်မည်မဟုတ်ဟု ဆိုပါသည်။

Arms Control Association ၏ အဏုမြူလက်နက်မပြန့်ပွားရေး မူဝါဒ ဌာနမှူး Kelsey Davenport က Fordow စက်ရုံအား ဗုံးများဖြင့် ထိုးဖောက် တိုက်ခိုက်နိုင်ပါက “စက်ရုံတွင် သန့်စင်သိမ်းဆည်းထားသော ယူရေနီယမ် မှ ရေဒီယိုသတ္တိကြွမှု အနည်းငယ် ယိုစိမ့်နိုင်သော်လည်း ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြင်းထန်သည့် ညစ်ညမ်းမှုကို ဖြစ်စေမည်မဟုတ်” ဟု ရှင်းပြခဲ့သည်။

သူမက စက်ရုံ၏စင်ထရီဖျူးများတွင် အသုံးပြုသည့်ကုန်ကြမ်းဖြစ်သည့် ယူရေနီယမ် ဟက်ဇာဖလိုရိုက်ဓာတ်ငွေ့ သိုလှောင်ရာနေရာကို တိုက်ခိုက် ပါက “ဓာတုအဆိပ်သင့်မှုများ” နှင့် “အားနည်းသော အယ်လ်ဖာ ရေဒီယို သတ္တိကြွမှု” ဖြစ်ပေါ်စေကာ ယင်းသည် ထိုနေရာတွင်သာ ကန့်သတ် ဖြစ်ပွားမည်ဟု ရှင်းပြခဲ့သည်။

Davenport က “လူများသည် သင့်လျော်သော ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ထားပါက ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်မည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

အီရန်နိုင်ငံမှ Foundation for Defense of Democracies - FDD တွင် အကြီးတန်းပရိုဂရမ် ဒါရိုက်တာနှင့် အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူ Behnam Ben Taleblu ကလည်း ဖြစ်နိုင်ခြေရှိသောပျက်စီးမှုကို ဓာတု အန္တရာယ်တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

NTI (Nuclear Threat Initiative) ၏ အဏုမြူပစ္စည်းလုံခြုံရေး ဒုတိယ ဥက္ကဋ္ဌ Scott Roecker က “Fordow တွင် ရေဒီယိုသတ္တိကြွမှု ပျံ့နှံ့မှု အန္တရာယ် ကြီးမားစွာမရှိပါ၊ အဘယ်ကြောင့်ဆိုသော် ထိုယူရေနီယမ် သည် အသစ်ဖြစ်နေသေးသောကြောင့်ဖြစ်သည်” ဟု ရှင်းပြခဲ့သည်။

၎င်းက “ထိုရေဒီယိုသတ္တိကြွမှုသည် စက်ရုံအနီးတစ်ဝိုက်တွင်သာ ကန့်သတ် ဖြစ်ပွားမည်ဖြစ်ပြီး စက်ရုံသည် မြေအောက်တွင်လည်း မြှုပ်နှံထား သောကြောင့် မည်မျှထိ လွှတ်ထုတ်မည်ကိုပင် အတိအကျ မသိရပါ” ဟု ဆိုခဲ့သည်။

Kelsey Davenport က “အဏုမြူဓာတ်ပေါင်းဖိုတစ်ခုကို ဗုံးကြဲခြင်းသည် လုံးဝကွဲပြားသော အခြေအနေတစ်ခုဖြစ်သည်” ဟု ရှင်းပြခဲ့သည်။

သူမက အစ္စရေးအနေဖြင့် အဏုမြူဓာတ်ပေါင်းဖိုကို ဗုံးကြဲမည် ဆိုသည်မှာ အလွန်နည်းပါးသော အလားအလာသာရှိပြီး ထိုသို့လုပ်ဆောင်ပါက “နိုင်ငံတကာဥပဒေကို ထင်ရှားစွာ ချိုးဖောက်ရာရောက်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

“ဓာတ်ပေါင်းဖိုအရည်ပျော်ကျခြင်း၊ ပြင်းထန်သော ရေဒီယိုသတ္တိကြွညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ကြောင့် အဆိုပါဒေသအား ပျက်စီးစေနိုင်သည်” ဟု Davenport က သတိပေးပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Euronews.com

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂