၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား ကျောင်းသူများ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆို
နေပြည်တော် ဇွန် ၂၁
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာတတ်အရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဓိကထားအလေးပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ကျောင်းသား ကျောင်းသူများအား ဇွန် ၁၆ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာစစ်ဌာနအသီးသီး၌ စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၇၈၈ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
MNP