ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်
နယူးယောက် ဇွန် ၂၁
ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးကိုအသုံးပြု၍ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၂၀ ရက်တွင် ပြောကြားသည်။
နေ့စဉ်သတ်မှတ်ချိန် ရှစ်နာရီအတောအတွင်း၌သာ အစာစားခြင်းနှင့် တရားထိုင်ခြင်းတို့သည် အူမကြီးကင်ဆာရောဂါနှင့် ဆက်စပ်နေသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ပြီး အစာခြေလမ်းကြောင်းစနစ် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များသည် အထက်ပါနည်းလမ်းနှစ်မျိုးကို အသက် ၁၈ နှစ်နှင့် ၄၀ ကြားရှိသူများဖြင့် သီတင်းရှစ်ပတ်ကြာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့သည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ စမ်းသပ်မှုတွင် ပါဝင်သူများ၌ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာမှုကြောင့် ရောင်ရမ်းမှုပြဿနာကျဆင်းသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
ထို့ပြင် နေ့စဉ် သတ်မှတ်ချိန် ရှစ်နာရီအတွင်း အစာစားသုံးခြင်း၊ တရားထိုင်ခြင်းတို့သည် Visceral Fat ခေါ် အူမကြီးကင်ဆာနှင့် ဆက်စပ်နေသော အဆီဓာတ်များ စုစည်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။
ရောင်ရမ်းမှုပြဿနာနှင့် Visceral Fat အဆီဓာတ်များသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်လာနိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာနှစ်ရပ်ဖြစ်ကြောင်း သိရသည်။
ကိုးကား : ရတနာပုံသတင်းစာ