ရေသန့်ဖြန့်ဖြူး၊ ဟိုက်ဒရိုဂျင်ထုတ်၊ ကာဗွန်ကင်းမဲ့ စွမ်းအင်ပေးမယ့် စွမ်းအင်စနစ် အသစ်
စွမ်းအင်စနစ်တစ်ခုကနေ အများဆုံးပြန်ထုတ်ပေးနိုင်တာက စွမ်းအင်တစ်ခု သို့မဟုတ် စွမ်းအင်တစ်ခုနဲ့ ထွက်ကုန်တစ်ခုဖြစ်ပါတယ်။ ဒါကို သမားရိုးကျစနစ်မှာ အများဆုံးတွေ့ရှိရတာပါ။ ဒါပေမဲ့ စွမ်းအင်စနစ်တစ်ခုတည်းကနေပြီး ရေသန့်ကိုလည်းထုတ်မယ်၊ ဟိုက်ဒရိုဂျင်ကိုလည်းထုတ်မယ်၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကင်းစင်မယ့် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်မယ်ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆစရာရှိပါတယ်။ တကယ်တော့မဖြစ်နိုင်တာ မရှိဘူးဆိုတာကို သက်သေပြလိုက်တာကတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် NuScale Power Corporation ဆိုတဲ့ ကုမ္ပဏီပါပဲ။
သူတို့က ပေါင်းစပ်စွမ်းအင်စနစ်တစ်ခုကိုဖန်တီးနိုင်ရေးအတွက် သုတေသနအစီအစဉ်များကို စတင်လုပ်ဆောင်လိုက်ပါပြီ။ သူတို့ရဲ့အစီအစဉ်ကနေထွက် ပေါ်လာမယ့် ပေါင်းစပ်စွမ်းအင်စနစ်က သန့်ရှင်းတဲ့ သောက်သုံးရေ၊ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်တဲ့ လျှပ်စစ်ဓာတ်အားတို့ ကိုတစ်ပြိုင်နက်တည်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက အစောပိုင်းမှာအသေးစား မော်ဂျူးပုံစံဓာတ်ပေါင်းဖို နည်းပညာကို အသုံးပြုပြီး စက်မှုလုပ်ငန်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်နေတာပါ။ အခုလိုမျိုးထုတ်ပြန်လိုက်ချိန်မှာတော့ သူတို့အနေနဲ့ အဲဒီနည်းပညာကို တိုးချဲ့အသုံးပြုသွားဖို့ လုပ်ဆောင်မယ်ဆိုပြီး ပြောလိုက်တာနဲ့ အတူတူပါပဲ။
အခုဖန်တီးမယ့်စနစ်မှာ NuScale Power Module (NPM) တစ်ခုကို R.O ရေသန့်စင်စနစ်နဲ့ပေါင်းစပ်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရဆိုရင် NPM တစ်ခုတည်းက ရေသန့်ဂါလန်ပေါင်းသန်း ၁၅၀ ခန့်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုထုတ် လုပ်ပေးရာမှာလည်း ကာဗွန်ဓာတ်ငွေ့ကိုထုတ်လွှတ်မှုလုံးဝမရှိပါဘူး။ ဒါကြောင့် NPM ၁၂ လုံးရှိရင် လူဦး ရေ ၂ ဒသမ ၃ သန်းလောက်နေထိုင်တဲ့ မြို့တစ်မြို့ကို ရေသန့်လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အိမ်ခြေ ၄ သိန်းကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရေကိုသန့်စင်တဲ့နေရာမှာ ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာတာက ဆားရည်ဖြစ်ပါတယ်။ ဆားရည်ဆိုတာ သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးဖြစ်စေတဲ့ ပစ္စည်းတစ်ခုပါ။ ဒါကြောင့် NuScale မှသုတေသန ပညာရှင်များက ဆားရည်ကိုအသုံးချပြီး အကျိုးရှိစေမယ့်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ဖို့ စိတ်ကူးလာ ပါတယ်။ သူတို့ရဲ့စိတ်ကူးအရဆိုရင် ထွက်လာမယ့်အရာက သန့်ရှင်းစွမ်းအင်ကမ္ဘာကြီးအတွက်လိုအပ်တဲ့ဟိုက်ဒရိုဂျင်စွမ်းအင်ပါပဲ။ ဟိုက်ဒရိုဂျင် ထုတ်လုပ်ရာမှာ သမားရိုးကျ လျှပ်စစ်သုံးဓာတ်ခွဲနည်းကို အသုံးမပြုတဲ့အတွက် စွမ်းအင်သုံးစွဲမှုနဲ့ ရေအသုံးပြုမှုတို့ကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။
MWD Web Portal