ထရမ့်သည် အမေရိကန်ခေါင်းဆောင်ဟောင်းများကဲ့သို့ တုံးအသူ မဟုတ်ဟု ဗန့်စ် ပြောဆို

News Image

  • ထရမ့်သည် အမေရိကန်ခေါင်းဆောင်ဟောင်းများကဲ့သို့ တုံးအသူ မဟုတ်ဟု ဗန့်စ် ပြောဆို

အမေရိကန်၏ အီရန်အပေါ်ပစ်ခတ်တိုက်ခိုက်မှုများကို အရှေ့အလယ်ပိုင်း ဒေသရှိ ယခင်စစ်ပွဲများနှင့် နှိုင်းယှဉ်မှုများကို ဒုတိယသမ္မတ J.D. Vance က ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပြီး၊ ဝါရှင်တန်၏ ယခုလုပ်ဆောင်မှု များသည် အမှတ်တကယ် ကန့်သတ်မှုနှင့် နိုင်ငံခြားရေး ရည်မှန်းချက် များအပေါ် အခြေခံပါသည်ဟု ဆိုပါသည်။

NBC ၏ Meet the Press အစီအစဉ်မှ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Vance က “အမေရိကန်သည် အီရန်နှင့် စစ်ဖြစ်နေခြင်းမဟုတ်ဘဲ အီရန် ၏ နျူကလီးယားအစီအစဉ်ကိုသာ တိုက်ဖျက်နေခြင်းဖြစ်သည်” ဟုပြောကြားခဲ့ပြီး ဇွန် ၂၂ တိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယား စွမ်းရည်များကို ဖျက်ဆီးလိုက်သည့် အလွန်တိကျသော တိုက်ခိုက်မှု ဖြစ်သည် ဟု ရှင်းပြခဲ့ပါသည်။

အမေရိကန်သည် နောက်ထပ်ရှည်လျားသည့် ပဋိပက္ခတစ်ခုအတွင်း ပါဝင်သွားမည်ကို စိုးရိမ်နေသူများအား Vance က ခေါင်းဆောင်မှုတွင် ကွာခြားချက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ “အရှေ့အလယ်ပိုင်းမှာ ၂၅ နှစ်ကြာ နိုင်ငံခြားရေးရှုပ်ထွေးမှုများနှင့် ပင်ပန်းနွမ်းနယ်နေသည့် အမေရိကန်များကို မိမိအနေဖြင့် နားလည်ပါသည်” ဟု ၎င်းက ဆိုပါသည်။

“မိမိတို့သည် ရှည်လျားသောပဋိပက္ခကို စိတ်ဝင်စားမှုမရှိသလို၊ မြေပြင် စစ်သားများကို စေလွှတ်ရန်လည်း ရည်ရွယ်ချက်မရှိပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ဗန့်စ်က “မိမိတို့၏သဘောထားက အလွန် ရှင်းလင်းပါသည်။ အစိုးရအပြောင်းအလဲ မလိုချင်ပါ။ ထိုပဋိပက္ခကို ပိုမိုရှည်လျားစေရန် သို့မဟုတ် လက်ရှိထက် ပိုမိုကြီးထွားစေရန်လည်း မရည်ရွယ်ပါ” ဟု ၎င်းက ရှင်းလင်းခဲ့သည်။

သို့သော် ထိုနေ့နောက်ပိုင်းတွင် သမ္မတထရမ့်က Truth Social တွင် “အစိုးရပြောင်းလဲမှု” ဆိုသည့် စကားလုံးကို အသုံးပြုရန် နိုင်ငံရေးအရ မမှန်ကန်နိုင် ဟု ဆိုသော်လည်း ယင်းအစိုးရသည် MIGA (Make Iran Great Again) လုပ်နိုင်စွမ်းမရှိဘူးဆိုပါက အစိုးရပြောင်းလဲရန် မည်သည့် အတွက်ကြောင့်မဖြစ်နိုင်ရမှာလဲ” ဟု ရေးသားကာ သွယ်ဝိုက် ခြိမ်းခြောက်မှု ပြုခဲ့သည်။

ဗန့်စ်ကလည်း ထရမ့်၏သတိပေးချက်ကို ထပ်လောင်းအတည်ပြုကာ “မည်သည့်ပုံစံဖြင့်မဆို လက်စားချေမှုပြုလုပ်ပါက ကမ္ဘာပေါ်ရှိ အမိုက်မဲဆုံး အရာဖြစ်မည်” ဟု ပြောကြားခဲ့သည်။ အမေရိကန်ဝန်ထမ်းများကို ပစ်မှတ်ထားပါက “အလုံးစုံသော အင်အားဖြင့်” ပြန်လည်တုံ့ပြန်မည်ဟု ၎င်းက ထပ်မံအာမခံခဲ့သည်။

ထရမ့်အား လွှတ်တော်ခွင့်ပြုချက်မရှိဘဲတိုက်ခိုက်ခဲ့မှုကြောင့် ဝေဖန်မှုများ ရှိခြင်းနှင့်ပတ်သက်၍ ဗန့်စ်က တိုက်ခိုက်မှုသည် တရားဝင်ကြောင်း ခုခံ ပြောဆိုခဲ့ပြီး သမ္မတတွင် လက်နက်ပြန့်ပွားမှုကို တားဆီးပိုင်ခွင့် ရှိသည် ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂