ဗြိတိန်အစိုးရက ဝက်ဘ်ဆိုဒ် အသေးစားပြင်ဆင်မှုတစ်ခုအတွက် ဒေါ်လာ ၇ သိန်းကျော် သုံးစွဲခဲ့မှုအပေါ် ဝေဖန်ခံနေရ

News Image

  • ဗြိတိန်အစိုးရက ဝက်ဘ်ဆိုဒ် အသေးစားပြင်ဆင်မှုတစ်ခုအတွက် ဒေါ်လာ ၇ သိန်းကျော် သုံးစွဲခဲ့မှုအပေါ် ဝေဖန်ခံနေရ

ဗြိတိန်အစိုးရသည် ၎င်း၏ဝက်ဘ်ဆိုဒ်အား ပြုပြင်မွမ်းမံရန်အတွက် ပေါင် ၅၃၂,၀၀၀ (ဒေါ်လာ ၇၀၀,၀၀၀ ကျော်) ကုန်ကျခဲ့သည့်အတွက် ပြင်းထန်စွာ ဝေဖန်မှုများခံနေရသည်။ အဆိုပါငွေပမာဏသည် ဂရပ်ဖစ် ဒီဇိုင်း အသေးစား ပြောင်းလဲမှုအနည်းငယ်အတွက်သာ သုံးစွဲခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့လုံးဆိုင်ရာ ကြော်ငြာအေဂျင်စီ M&C Saatchi မှ ဆောင်ရွက်ပေး ခဲ့သည့် အဆိုပါလုပ်ငန်းတွင် ဝက်ဘ်ဆိုဒ်၏ Header အား အမည်းရောင် မှ အပြာရောင်သို့ ပြောင်းလဲခြင်း၊ လိုဂို၏အစက်အပြောက် (dot) အား အထက်သို့တိုးပြီး စိမ်းပြာရောင်ပြောင်းခြင်းစသည့် အသေးစားပြုပြင်မှုများသာ ပါဝင်သည်။

ထိုကဲ့သို့သော အသေးအဖွဲ ပြုပြင်မှုအတွက် များပြားလှသည့် ကုန်ကျ စရိတ်သည် အစိုးရအား အခွန်ထမ်းများ၏ငွေကြေးကို အလွဲသုံးစားပြုမှုနှင့် စဉ်ဆက်မပြတ် ချွေတာရေးမူဝါဒကို မလိုက်နာမှုတို့ဖြင့် ဝေဖန်ခံနေ ရသည်။

Reform UK ၏ ထိရောက်မှုဆိုင်ရာအဖွဲ့အကြီးအကဲ Zia Yusuf ကမူ အဆိုပါ ဝက်ဘ်ဆိုဒ်ပြုပြင်မှုကို “ဟာသ” (Joke) တစ်ခုဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“အခွန်ထမ်းများ၏ငွေကြေးကို လေးစားမှုမရှိခြင်းသည် ဆက်လက်အံ့အားသင့်စရာ ဖြစ်နေဆဲပါ။ အစိုးရဝက်ဘ်ဆိုဒ်၏ လိုဂိုအနည်းငယ်ပြောင်းလဲရန်အတွက် ပေါင် ၅၀၀,၀၀၀ ကျော် သုံးစွဲခြင်းသည် အခွန်ထမ်း များ၏ ငွေဖြင့် ဟာသ လုပ်နေသလိုပါ” ဟု ၎င်းကပြောကြားခဲ့ပြီး ဝက်ဘ်ဆိုဒ်ပေါ်မှ အဆိုပါသံသယဖြစ်ဖွယ်လုပ်ရပ်မျိုးသည် “နေ့စဉ်နှင့် အမျှ ကောင်တီအဆောက်အအုံများတွင် မိမိတို့ တွေ့ရှိနေရသည့် အရာ မျိုးပါ” ဟု ဆိုခဲ့သည်။

သို့သော်လည်း အစိုးရဘက်မှ အဆိုပါပြောင်းလဲမှုများကို ကာကွယ်ခဲ့ပြီး ၎င်းတို့သည် မတူညီသောအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုဒ်များကို အမှတ် တံဆိပ်အသစ်ဖြင့် မွမ်းမံခြင်း လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း ဇွတ်တရွတ်ဆိုခဲ့သည်။ အစိုးရသည် ၎င်း၏ ယခင်အစိုးရ အပေါ် လက်ညှိုးထိုးသည့်သဘောဖြင့် အဆိုပါအကျိုးအမြတ်များသော ကန်ထရိုက်စာချုပ်ကို လေဘာပါတီအာဏာမရမီက အတည်ပြု ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“ထို့နောက် အစိုးရအသစ်သည် အဆိုပါအမှတ်တံဆိပ်ပြန်လည် မွမ်းမံမှု နှင့် သုတေသနလုပ်ငန်းများကို သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေသော ဒီဂျစ်တယ်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါသည်။ ဥပမာ အနေဖြင့် မိမိတို့၏ လာမည့် gov.uk App၊ gov.uk Chat နှင့် အခြား ဝန်ဆောင်မှုများ ပါဝင်ပါသည်” ဟု ၎င်းက ထပ်မံဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ မဖော်ပြခဲ့ပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂