UK က အမေရိကန်ထံမှ နျူကလီယားလက်နက် သယ်ဆောင်နိုင်သော F-35A တိုက်လေယာဉ် ၁၂ စီးကို ဝယ်ယူရန် နှင့် NATO ၏ နျူကလီယား စီမံကိန်းတွင် ပါဝင်ရန် ပြင်ဆင်နေ
UK သည် နျူကလီယားလက်နက်သယ်ဆောင်နိုင်သည့် F-35A တိုက်လေယာဉ် ၁၂ စီးကို အမေရိကန်ထံမှ ဝယ်ယူရန် စီစဉ်နေပါသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပမည့် NATO အစည်းအဝေးတွင် အဆိုပါကြေညာချက်ကို ပြုလုပ်မည်ဖြစ်ပြီး NATO အဖွဲ့ဝင်နိုင်ငံများအား မဟာမိတ်အဖွဲ့အတွက် ပိုမို ပံ့ပိုးကူညီရန် တိုက်တွန်းမည်ဖြစ်သည်။
ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ)၏ ထုတ်ပြန်ချက်အရ စတာမာက “ယူကေ၏ NATO အပေါ် ကတိကဝတ်သည် သံသယဖြစ်ဖွယ် မရှိသကဲ့သို့ မဟာမိတ်အဖွဲ့၏ ယူကေအား ဘေးကင်းလုံခြုံစေရန် မဟာမိတ်အဖွဲ့၏ ပံ့ပိုးကူညီမှုသည်လည်း အငြင်းပွားဖွယ်မရှိပါ။ သို့သော် အနာဂတ် မျိုးဆက်များအတွက် ဥရောပ-အတ္တလန္တိတ်ဒေသ လုံခြုံရေးကို ကာကွယ်ရန် မိမိတို့အားလုံး ပိုမိုကြိုးပမ်းရမည်” ဟု ပြောကြားခဲ့သည်။
အဆိုပါကြေညာချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ NATO နိုင်ငံများအား ကာကွယ်ရေးအသုံးစရိတ် “လုံလောက်စွာ မသုံးစွဲကြ” ဟူသော ထပ်တလဲလဲ ဝေဖန်မှုများနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်ထုတ်လုပ်သူ Lockheed Martin မှ အဓိကတည်ဆောက်ထားသော ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် F-35A သည် ကမ္ဘာ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များထဲတွင်ပါဝင်ပြီး အလွန်ဈေးကြီးသည့် လေယာဉ်အမျိုးအစားလည်း ဖြစ်ပါသည်။
နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသော လေယာဉ်များဝယ်ယူရန် ဆုံးဖြတ်ချက်သည် ဗြိတိန်၏ နျူကလီးယားစစ်ရေး မဟာဗျူဟာကို ကောင်းစွာမြှင့်တင်ရာလည်း ရောက်သည်။
အဆိုပါဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သည် ရေကြောင်းမှ နျူကလီးယား ခြိမ်းခြောက်မှုကာကွယ်ရေး စနစ်အပြင် NATO ၏ နျူကလီးယား လက်နက်သယ်ဆောင်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ်လုပ်ငန်းစဉ်တွင်လည်း ပါဝင်လာမည်ဖြစ်သည်။
ဝန်ကြီးချုပ် ကီယာစတာမာက “အလွန်အမင်း မတည်မငြိမ်ဖြစ်နေသော ယခုခေတ်တွင် ငြိမ်းချမ်းရေးကို အလိုလိုရရှိနိုင်သည်ဟု မှတ်ယူ၍ မရတော့ပါ” ဟု ပြောကြားမည်ဟုဆိုသည်။
ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါဆုံးဖြတ်ချက်သည် ဗြိတိန်ရှိ F-35 အစီအစဉ်တွင် အလုပ်အကိုင် ၂၀,၀၀၀ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ကမ္ဘာ့ F-35 လေယာဉ်များ၏ ထောက်ပံ့ရေးကွင်းဆက်၏ ၁၅% သည် ဗြိတိန်တွင် အခြေစိုက်နေပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂