ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
ကျောက်ဆည်၊ ဇွန်-၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေများခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျရောဂါများ အကြောင်းနှင့် မိမိ ကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကျမှုဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် AIDSခေါ် ခုခံအား ကျဆင်းမှု ရောဂါ ဖြစ်ခြင်း၊ ဆေးလွန်သဖြင့်မိန်းမောစွာအိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့်လျှင် အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ကျင်နာ၊အကြောသေရောဂါဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများဖြစ်သည့် ထုတ်လုပ်မှုလျှာ့ချရေးနှင့်အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေး နှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးအကြောင်းများနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာများဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်း ပပျောက်ရေး၊ သုံးစွဲသူပပျောက်ရေး၊ ထုတ်လုပ်မှုပပျောက်ရေး၊ တားဆီးနှိမ်နှင်းရေးစသည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ပေးပို့သူ- စုစုအေး(ကျောက်ဆည်)