ညစ်ညမ်းရေထဲမှ နိုက်ထရိတ်ကနေ အမိုးနီးယားကို ၆ စက္ကန့်တည်းနဲ့ ထုတ်လုပ်မယ်
နိုက်ထရိတ်ဆိုတာကို စွန့်ပစ်ရေဆိုးတွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အဲဒီ နိုက်ထရိတ်ဆိုတာတွေက အပင်တွေ ကြီးထွားရှင်သန်မှုအတွက် တကယ့်ကိုအရေးပါတဲ့ အရာဖြစ်ပေမယ့်လည်း ရေထဲမှာ ပမာဏအလွန်များပြားစွာ ပါဝင်နေရင်တော့ အဲဒီရေရဲ့အရည်အသွေးကလည်း ဆိုးဝါးစွာ ကျဆင်းသွားရပါတယ်။ ဒါဆိုရင် ရေထဲကနေ အဲဒီနိုက်ထရိတ်တွေကို ဘယ်လိုဖယ်ရှား ရင်ကောင်းမလဲဆိုတာကို သုတေသန ပညာရှင်များ ကလေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ယေးတက္ကသိုလ်မှသုတေသန ပညာရှင်များဟာ ရေဆိုးရေညစ်တွေထဲကနေ နိုက်ထရိတ်ကို ခွဲထုတ်ပြီး အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်မယ့်နည်း လမ်းတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ အဲဒီနည်းလမ်းက တော်တော်လေးကို အကျိုးရှိတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် နိုက်ထရိတ်ကိုခွဲထုတ်လိုက်ခြင်းအားဖြင့် သန့်ရှင်းတဲ့ရေကိုလည်း ရရှိမယ်။ ဓာတ်မြေဩဇာနဲ့ ကာဗွန်ကင်းစင်တဲ့လောင်စာဆီကို ထုတ်လုပ်နိုင်စေမယ့် အဖိုးတန်လှသော အရင်းအမြစ် ကိုလည်း ရရှိမှာဖြစ်ပါတယ်။
နိုက်ထရိတ်ကိုခွဲထုတ်ပြီး ဓာတ်မြေဩဇာဖြစ်တဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲဖို့ဆိုတာက တကယ့် ကိုထူးခြားလှတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုမဟုတ်ဘူး လို့ဆိုနိုင်ပေမယ့်လည်း အဲဒီပြောင်းလဲမှုကိုပဲ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်စေဖို့ ဆိုတာကတော့ တကယ့်ကိုစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ အဲဒီစိန်ခေါ်မှုတွေက မလိုလားအပ်တဲ့ ဘေးထွက် ပစ္စည်းအနည်းဆုံးနဲ့ အမိုးနီးယားကိုရရှိစေဖို့ နိုက်ထရိတ်ကိုဘယ်လို ခွဲထုတ်မလဲ ဆိုတာရယ်၊ အဲဒီနည်းလမ်းကို ဘယ်လိုမျိုးအမြန်ဆုံး လုပ်မလဲဆိုတာရယ်တို့ဖြစ်ပါတယ်။
ဒီအတွက် ယေးတက္ကသိုလ်မှ သုတေသနပညာရှင်များက အိုင်းယွန်းနိုဖိုးဆိုတဲ့ မော်လီကျူးတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီမော်လီကျူးကဘယ် လိုအလုပ်လုပ်လဲဆိုရင် နိုက်ထရိတ်ကို အမိုးနီးယား အဖြစ်ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ ပေါ်ထွက်လာတဲ့ နိုက်ထရိုက်တွေကိုဆွဲယူမယ့် သံလိုက်တုံးလိုမျိုး လုပ်ဆောင်တာပါ။ ဒါကိုအသုံးပြုပြီး ပြောင်းလဲမှု လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုက်တဲ့အတွက် အမိုးနီးယားကို အသုံးပြုနိုင်လောက်တဲ့ ပမာဏအထိ ထွက်လာစေတာဖြစ်ပါတယ်။
နောက်တစ်ခုတီထွင်မှုက လျှပ်စစ်စက်ကွင်းပါရှိတဲ့ အလွှာပါးတစ်ခုဖြစ်ပါတယ်။ အဲဒီအလွှာပါးထဲမှာ ကြေးနဲ့ကာဗွန်နန်နိုအချောင်းလေးများပါဝင်ပါတယ်။ သူကပြောင်းလဲမှု လုပ်ငန်းစဉ်ကို အလွန်မြန်ဆန်စွာ လုပ်ဆောင်ပေး နိုင်စွမ်း ရှိတာကိုတွေ့ရပါတယ်။ ပုံမှန် အားဖြင့်ဆိုရင် နိုက်ထရိတ်ကနေ အမိုးနီးယားရရှိဖို့ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်က နာရီနဲ့ချီပြီးကြာမြင့်လေ့ ရှိပါတယ်။ အခုတော့ အချိန် ၆ စက္ကန့်အတွင်းမှာပဲ လုပ်ငန်းစဉ်တစ်ခုလုံး အပြီးသတ်သွားနိုင်တာကို တွေ့ရတာကြောင့် ဒီနည်းလမ်းက လက်တွေ့ပိုပြီး အလုပ်တွင်မှာ အမှန်ပါပဲ။
MWD Web Portal
နည်းပညာသတင်း