တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
နေပြည်တော် ဇွန် ၂၄
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကိုအခြေခံပြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရန် လှုံ့ဆော်စည်းရုံးလှုပ်ရှားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအဆင့် အလိုက်လုပ်ရမည့်လုပ်ငန်းများတွင် ပြည်ထောင်စုအဆင့်က ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းများကဦးဆောင်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ပါဝင်ဖြည့်ဆည်းဆောင်ရွက်ရမည့်ကိစ္စများ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းလူမှုပရဟိတအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ ပါဝင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာအသိုက်အဝန်းကလည်း စာနာထောက်ထားမှုများပြသပြီး ဝိုင်းဝန်းကူညီရန် စိတ်အားထက်သန်မှုများ ပြသလာနေကြပြီဖြစ်ကြောင်း၊ ယင်းအကူအညီများနှင့် အခြားပြည်တွင်း၊ ပြည်ပအကူအညီအထောက်အပံ့များပေါင်းစပ်ပြီး မိမိတို့လူမှုအသိုက်အဝန်း၏ ပေါင်းစည်းအင်အားဖြင့် သဘာဝဘေးအန္တရာယ်များကို ထိရောက်အောင်မြင်စွာ တုံ့ပြန်ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းကော်မတီ၏ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သဘာဝဘေးအန္တရာယ်အဆင့်အလိုက် ပြည်သူလူထုအင်အားကိုရယူသွားမည့် လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရင်ဆိုင်ရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စီမံချက်များရေးဆွဲ၍ စုဖွဲ့ပြင်ဆင်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သဘာဝဘေးသင့်ဒေသများသို့ အလှူငွေများ ဖြန့်ခွဲထောက်ပံ့ပေးနေမှု၊ လုပ်ငန်းတာဝန်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
MOI